Preview

မြောက်ဦးမြို့နယ်အထုပ်သည်မကျေးရွာမှ တိုက်ပွဲအတွင်း ပျောက်ဆုံးနေသူအတွက် မိသားစုများစိုးရိမ်

မတ် ၀၅/ ၂၀၂၀ | ကြည့်ရှုသူ :2470
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၅/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အထုပ်သည်မကျေးရွာမှ  ရွာသားတစ်ဦးသည် မြောင်းဘွေချေ ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပျောက်ဆုံးနေသဖြင့် မိသာစုများ အလွန်စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

၄င်းမှာ အထုပ်သည်မကျေးရွာမှ ဦးစံရွှေသန်း (ခေါ်) ဦးအသန်းချေ (၅၈) နှစ်ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ၏ သမီးဖြစ်သူ မမြနှင်းဝေက " မြောင်းဘွေဘက်မှာ တိုက်ပွဲဖြစ်တုန်းက ပျောက်သွားတာပါ။ ရွာမှာ ရှင်ပြုပွဲရှိလို့ မြောင်းဘွေ ရွာကို ရှင်ပြုပွဲအတွက် ဈေးသွားပြုတာပါ။ အဲဒီမှာ လမ်းမှာ စစ်ကြောင်းနဲ့တွေ့ပါတယ်။ စစ်တပ်က ခေါ်သွားတယ်လို့ အဲဒီအနားက မျက်မြင်တွေက ပြောပါတယ်။ ဒဏ်ရာလည်း ရထားတယ်လို့ သိရပါတယ်။ အဖေက အဲဒီနားက ငရုပ်ခင်းထဲ ပုန်းနေတယ်ပေါ့နော်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ အမေ အဖေ့ဆီကို ဖုန်းဆက်ကြည့်တော့ သူအခုဖုန်းပြောလို့ မရသေးဘူးလို့ ပြောပါတယ်။ နောက်တစ်ခေါက် ထပ်ဆက်တော့ ဗမာစကားနဲ့ လူတစ်ယောက်ပြောပါတယ်။ ညနေကျမှ ပြန်ခေါ်မယ်လို့။ အဲဒါ ကျွန်မအဖေရဲ့ အသံမဟုတ်ပါဘူး" ဟု နိရဥ္စရာသို့ ပြောသည်။

ဦးစံရွှေသန်းအား၏ ခြေထောက်တွင် ဒဏ်ရာရရှိထားကြောင်း၊ ဦးစံရွှေသန်းအား တပ်မတော်သား နှစ်ဦးမှ တွဲခေါ်သွားသည်ကို မျက်မြင်များက ပြောကြောင်းလည်း မမြနှင်းဝေက ပြောသည်။

 "အဖေ့ခြေထောက်က ဒဏ်ရာက စစ်သားတွေ လှမ်းပစ်တဲ့ အချိန်မှာ ရသွားတယ်လို့ ယူဆရပါတယ်။အထုတ်သည်မရွာကနေ မြောင်းဘွေကို သွားတဲ့လမ်းမှာပါ။ အဝေးပြေး လမ်းဘေးက ကုလားတွေမှာ စိုက်ပျိုးထားတဲ့ ငရုပ်ခင်းတွေ ရှိပါတယ်။ အဲဒီငရုပ်ခင်းတွေထဲမှာ စစ်သားတွေကိုမြင်လို့ ပုန်းနေရင်းက ဖမ်းသွားတာလို့ သိရပါတယ်။ အဲဒီ လမ်းဘေးမှာ ဆိုင်ကယ်နဲ့ ဖိနပ်ပဲ ကျန်ခဲ့ပါတယ်။ ကျွန်မတို့ တစ်မိသားစုလုံး ရင်မှာ မီးပူသလို ခံစားနေရပါတယ်။ သတင်း အစအနလည်း မရဘူး " ဟု မမြနှင်းဝေက ဆက်ပြောသည်။

ဦးစံရွှေသန်းမှာ ဥယာဉ်ခြံမြေ စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုသူနေဖြစ်ကြောင်း၊ ၎င်းအား လူပျောက်အဖြစ် မြောက်ဦးမြို့မ ရဲစခန်းတွင် တိုင်ကြားထားကြောင်း သမီးဖြစ်သူက ပြောသည်။

 မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား နိရဥ္စရာမှ ဆက်သွယ် ခဲ့ရာ ၎င်းက  " ဒေသခံတွေ ပြောတာက သူ့ကို တပ်က ဖမ်းသွားတာလို့ ပြောတယ်ပေါ့နော်။ သူတို့ မိသားစုဝင်တွေကလည်း တပ်က ဖမ်းသွားတာလို့ ပြောပါတယ်။ ကျွန်တော် သူတို့ မိသားစု ဝင်တွေကို လွှတ်တော်ဥက္ကဋ္ဌနဲ့ သွားတွေ့ခိုင်းထားပါတယ်။ စာရေးပြီးလည်း တင်ခိုင်း ထားပါတယ်"ဟု ပြောသည်။

မိသားစုဝင်များက ဦးစံရွှေသန်းအား တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်သည်ဟု ပြောဆိုသောကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မတ်လ ၃ ရက်နေ့စွဲဖြင့်  ထုတ်ပြန်ချက်တွင်  AA ထံမှ အလောင်းနှစ်လောင်းနှင့် ဖြစ်စဉ်နေရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်းထွန်းဝင်း(ဘ) ဦးစိန်ထွန်းအောင် အပါအဝင် အမျိုးသား ၁၄ ဦး ဖမ်းဆီး ရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် ရွှေလံကျေးရွာအနီးတွင် မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုနှင် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတို့ အတွင်း မတ်လ ၂ ရက်နေ့အထိ အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ပျောက်ဆုံးနေကာ လမ်းလုပ်သား တစ်ဦးအပါအဝင် ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု (REC)မှ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းအရ သိရသည်။

ပျောက်ဆုံးနေသူများအထဲတွင် ဘူးတလုံး မူဆလင်ရွာသား ၆ ဦး၊ ရွှေလံရွာမှ ၇ခိုင်လူမျိုး ၄ ဦး၊ တန်းပျင်းကြီး၊ ဒုံးဘွေ၊ လက်သန်းချေတို့မှ ရခိုင်လူမျိုး တစ်ဦးကျစီ ပျောက်ဆုံးနေခဲ့ကြောင်းလည်း သိ၇သည်။

--------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၅/ ၂၀၂၀













#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.