Preview

ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်နှစ်ဦး စစ်တွေမြို့အဝင် ကျောက်တန်းကြီးတံတား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရ

မတ် ၀၆/ ၂၀၂၀ | ကြည့်ရှုသူ :1652
ရခိုင် သတင်း

ချစ်အိလှိုင် 
နိရဥ္စရာ ၊ မတ် ၆/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်တင်ကျေးရွာမှ လူငယ်နှစ်ဦးကို စစ်တွေမြို့နယ် ကျောက်တန်းကြီး ကျေးရွာ တံတား စစ်ဆေးရေးဂိတ်တွင် ရဲ နှင့် စစ်တပ် ပူပေါင်းအဖွဲ့များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံ၇သည့်လူငယ်နှစ်ဦးမှာ ကိုနေလင်းဌေး(၂၄)နှစ်နှင့် ကိုမောင်စောအေး(၂၈)နှစ်တို့ဖြစ်ပြီး မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့နယ် ကျောက်တန်းကြီးတံတား စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံ၇ခြင်းဖြစ်ကြောင်း မိသားစုများကပြောသည်။

“မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ အိမ်ကထွက်သွားပါတယ်။ ကျွန်မက နေလင်းဌေးရဲ့ အမေပါ။ မောင်စောအေးရဲ့ အစ်မပါ။ သူတို့က တူနဲ့ ဦးရီးတော်ပါတယ်။ ဆိုင်ကယ်နဲ့ သွားကြတာပါ။ သူတို့က အိမ်မှာလယ်လုပ်တယ်။ ကောက်လိုင်းသိမ်းပီးတဲ့ အတွက် ပန်းရံအလုပ် လုပ်ဖို့ သွားကြတယ်။ အဖမ်းခံရတယ်ဆိုပြီး ကြားတယ်။ ကျောက်တန်းကြီးနားမှာပါတဲ့။ ဂိတ်က စောင့်တဲ့ ရဲသားတွေ ဖမ်းတာလို့ပြောသံကြားပါတယ်။ သားသမီးကိုတော့ ကောင်းစေချင်တယ်။ ကိုယ့်အိမ်ကို ပြန်ရောက်စေချင်တယ်။ ဘာတစ်ခုမှ နားမလည်တဲ့ ကလေးတွေပါ” ဟု ကိုနေလင်းဌေး၏ မိခင်ဖြစ်သူ ဒေါ်အောင်သန်းနုက နိရဥ္စရာ သတင်းဌာနအားပြောသည်။

၄င်းတို့နှစ်ဦးမှာ စစ်တွေမြို့မှ အပြန် ကျောက်တန်းကြီး တံတားအရောက်တွင် စစ်ဆေးရေး လုပ်နေသော တပ်မတော်အရာရှိများနှင့် ရဲအရာအရှိများရှေ့အရောက်တွင် ဆိုင်ကယ်မရပ်ပဲ မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ကျောက်တန်းကြီးကျေးရွာသား တစ်ယောက်က ပြောသည်။

“ကျောက်တန်းတံတားဂိတ်မှာစစ်ဆေးရေးလုပ်တယ်။ ရဲတွေ၊ လ၀ကတွေ နဲ့ စစ်သားတွေလည်း ပါတယ်။ အင်အားအများကြီးပါတယ်။ မနက်က လဖက်ရည်ဆိုင်မှာရွာကလူတွေပြောနေကြတာ။ တစ်ရွာလုံးမြင်တယ်။ အဲဒီမှာ သူတို့နှစ်ယောက်က ဆိုင်ကယ်မရပ်ပဲပြေးတယ်လို့သိရတယ်။ သေနတ်ပစ်တော့ တစ်ယောက်ဆီထိတယ်ထင်တယ်။ အဲဒီမှာ တံတားနားမှာ ချောက်ရှိတယ်။ အဲဒီအောက်ကို ကန်ချလိုက်ပြီး ရိုက်ပြီးဖမ်းလိုက်ကြတာ။ ရေသန့်တင်တဲ့ ကားတစ်စီးနဲ့ စစ်တွေမြို့ဖက်ကို တင်သွားတယ်ပြောတယ်” ဟု ကျောက်တန်းကြီး ကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ ဖမ်းဆီးခံရသူများမှာ ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်မှု ရှိသူများဖြစ်၍ ဖမ်းဆီးခြင်းဖြစ် ကြောင်းပြောသည်။

“အရပ်သားတော့ ဘာလို့ဖမ်းမှာလဲဟာ။ သူပုန်ဖြစ်လို့ ဖမ်းတာပေါ့။ ဆိုင်ကယ်နဲ့မောင်းပြေးတယ်။ ဆိုင်ကယ်နဲ့ ရပ်ခိုင်းတာ မရပ်ဘူး မောင်းပြေးတယ်တဲ့။ မရပ်တော့လိုက်ဖမ်းတယ်။ မိတော့ စစ်တယ်။ စစ်တော့ အဲဒီမှာ မောင်စောအေးတဲ့။ နောက်တစ်ဦးက နေလင်းဌေးတဲ့။ နေလင်းဌေး ဆိုတဲ့ ကောင်လေးဆီက အေအေ ယူနီးဖောင်းဝတ်ထားတဲ့ ဓာတ်ပုံတွေ့တယ်တဲ့။ ဖုန်းထဲက” ဟု ဗိုလ်မှူးကြီးမင်းသန့်က အတည်ပြုပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းရာ ၄င်းတို့ ဌာနချုပ်အား မေးမြန်းနေဆဲဖြစ်ကြောင်း ဖြေကြားသဖြင့် ဆက်လက် မေးမြန်းနေဆဲ ဖြစ်သည်။

-----------------------------

Unicode:



နိရဉ်စရာ ၊ မတျ ၆/ ၂၀၂၀











#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.