သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၆/၂၀၂၀
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ ခုမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာများကို လုံခြုံရေး အခြေအနေကြောင့် မြို့ပေါ်သို့ ရွှေ့ပြောင်းစစ်ဆေးမည်ဟု သတင်းရရှိသည်။
စာစစ်ဌာနအချို့ ရွှေ့ပြောင်းစစ်ဆေး၇မည့် မြို့နယ် ၈ ခုမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်တို့ဖြစ်ကြသည်။
ထိုသို့ စာစစ်ဌာနအချို့အား ရွှေ့ပြောင်း စစ်ဆေးရခြင်းမှာ မေးခွန်းလုံခြုံရေးအရ ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက နိရဥ္စရာသို့ပြောသည်။
“အဓိက မေးခွန်းပါ။ ကျနော်တို့က အဲဒီစာစစ်ဌာနတွေကို အရင်ပေးထားတာက မေးခွန်း ထားဖို့နေရာပါ။ မေးခွန်းက စာစစ်ဘဏ်တွေမှာထားပါတယ်။ ရဲစခန်းတွေမှာထားပါတယ်။ တချို့တချို့စခန်းတွေက လုံခြုံရေးမရှိရင် အဲဒီမေးခွန်းတွေက ထားလို့မရဘူး။ စာမေးပွဲ စည်းကမ်းအရ” ဟု ဦးတင်သိန်းက ပြောသည်။
ရွှေ့ပြောင်းစစ်ဆေးရမည့် စာစစ်ဌာနများမှာ ဘူးသီးတောင်မြို့နယ်မှ စေတီတောင်၊ ရသေ့တောင် မြို့နယ်မှ စေတီပြင်၊ ဇီးကိုင်း၊ လောင်းချောင်း၊ ဥဂ္ဂါနှင့် ကူတောင်၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ယိုးတရုတ်နှင့် ပိုးရွှီပြင်၊ ကျောက်တော်မြို့နယ်မှ ကန်စောက်၊ ရွှေပြည်၊ သရက်တပင်၊ ကျားနင်းကန်နှင့် ဒုက္ကံချောင်း၊ မြောက်ဦးမြို့နယ်မှ တိန်ညို၊ ကျီရာပြင်၊ မင်းပြားမြို့နယ်မှ ပြားချောင်း၊ မြေပုံမြို့နယ်မှ ကြာအင်းတောင်၊ ယောချောင်းနှင့် ယိုးဆနွှင်း၊ အမ်းမြို့နယ်မှ ဒါးလက်၊ ကျောက်မြောင်းနှင့် ရူးစာစစ်ဌာနများအား မြို့ပေါ်သို့ ယာယီရွှေ့ပြောင်း စစ်ဆေးသွားမည်ဟုလည်း သိ၇သည်။
မြေပုံမြို့နယ် စစ်တွေ - ရန်ကုန်ကားပေါ်တွင်ရှိသည့် ကြာအင်းတောင်၊ ယောချောင်း၊ ယိုးဆနွင်း စာစစ်ဌာနများမှာ လုံခြုံမှု မရှိသည့်အတွက် စာမေးပွဲဖြေဆိုရမည့် မေးခွန်းလွှာများကို သယ်ယူရန် ရဲကလုံခြုံရေးမပေးနိုင်သည့် အကြောင်းပြချက်ဖြင့် အဆိုပါစာစစ်ဌာနများအား မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ရသေ့တောင်မြို့နယ်တွင် စာစစ်ဌာနပြောင်းရွှေ့ပြီး ဖြေဆို၇မည့် ကျောင်းသား ၃၀၀၀ကျော်ရှိပြီး ၄င်းတို့မှာနေရေးထိုင်ရေး အခက်အခဲဖြစ်နေကြောင်း ၊ ကျောင်းသားဦးရေဖြေဆိုရန် စာသင်ကျောင်းနှင့် စာမေးပွဲဖြေရန် စာရေးခုံများလည်း အခက်အခဲရှိနေကြောင်း ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ဒေါ်ခင်စောဝေက “အခုမှ အချိန်နီးကပ်တဲ့အချိန် ဖြစ်လာတဲ့အတွက်နဲ့ အခုမှစီစဉ်နေရတယ်။ နောက် အဓိကအရေးကြီးဆုံးတစ်ခုက ကလေးတွေစာဖတ်ဖို့ လုံခြုံမှုရှိဖို့လိုတယ်။ စာမေးပွဲဖြေဖို့ စာတွေကို အေးအေးဆေးဆေးဖတ်နိုင်မှ အခုဟာက လူအများကြီးနဲ့ ဖတ်ရရင် ကလေးတွေမှာ အခက်အခဲရှိတယ်။ ရသေ့တောင်မှာ စစ်ဘေးရှောင်တွေလည်း တော်တော်များများ ရှိတဲ့အတွက် အခုစာမေးပွဲဖြေဖို့တက်လာမဲ့ ကျောင်းသားတစ်ယောက်ဟာ တစ်ယောက်တည်းလာလို့မရဘူး။ သူ့ကို ပံ့ပို့ပေးဖို့ မိဘအုပ်ထိန်းသူလိုတယ်။ အနည်းဆုံး သူ့အပြင် အဖော်အဖြစ် တစ်ယောက် မဟုတ် နှစ်ယောက်တော့ ပါကိုပါလာတော့မှာ။ အဲလိုအခက်အခဲရှိတယ်” ဟု ပြောသည်။
ထိုသို့ စာမေးပွဲဖြေရန် တက်လာကြမည့် ကျောင်းသား/သူများ နေရေးထိုင်ရေးအတွက် အဆင်ပြေစေရန် ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဒေါ်ခင်စောဝေက ဆက်ပြောသည်။
ယခုနှစ် ၇ခိုင်တစ်ပြည်နယ်လုံး ဆယ်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စစ်ဆေး သွားမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် ရက်နီးကပ်လာချိန်ကျမှ ထိုသို့ ပြောင်းရွှေ့ ၇၍ ကျောင်းသား/သူများအနေဖြင့် တည်ခိုရမည့်နေရာနှင့် မပြေလည်သည့် မိသားစုဝင်ထဲက ကျောင်းသား/သူမျာမှာ အခက်အခဲကြုံတွေ့နိုင်ကြောင်း ကျောင်းသားမိဘများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်ချမ်းက “ကိုယ့်နေရာ ကိုယ့်ဒေသမှာစစ်ဖို့ဖြစ်တယ်အတွက် ငွေရေးကြေးရေးကပင်အစ သက်တောင့် သက်သာ ဖြစ်တယ်။ အခုမှ ပုဏ္ဏားကျွန်းကို ပြောင်းပစ်တယ်ဆိုတော့ ငွေကြေး အကုန်အကျ များပြီးတော့ တည်းခိုဖို့ နေရာ အခက်အခဲတွေရှိနိုင်တယ်။ ကျောင်းသားတွေကလည်း ကိုယ့်နေရာ ကိုယ့်ဒေသမှာ စစ်ရတာနဲ့ မတူတဲ့အတွက် ဒေသစိမ်းဖြစ်တဲ့အတွက် ကျောင်းသားတွေမှာ အားနည်းချက်တွေရှိပြီးတော့ ကျောင်းသားမိဘတွေကလည်း ထိခိုက်နစ်နာမှုတွေ ရှိမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
မြို့ပေါ်သို့တက်ပြီး စာမေးပွဲသွားရောက်ဖြေဆိုရလျင် မရှိဆင်းရဲသားများအတွက် အလွန် ခက်ခဲကြောင်း၊ နေဖို့ထိုင်ဖို့ စားဖို့ သောက်ဖို့ကအစ အခက်အခဲအများကြီးရှိကြောင်း မင်းပြား မြို့နယ် ပန်းမြောင်း အထကကျောင်းက ဆယ်တန်းဖြေဆို၇မည့် ကျောင်းသူ မနန်းအေးလှ ဆိုသူက ပြောသည်။
၄င်းက “ကျမတို့က မရှိဆင်းရဲသားတွေပါ။ အခုမင်းပြားမြို့ထက်ကိုသွားပြီးဖြေရမယ်ဆိုတော့ ငွေရေးကြေးရေးကအစ အကုန်အခက်အခဲရှိတယ်။ ကိုယ့်ရွာမှာဆိုရင်တော့ ပိုလို့ အဆင်ပြေ တာပေါ့” ဟု ပြောသည်။
---------------------------------------
Unicode: