ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၁၀ /၂၀၂၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူမြစ်ကမ်းတစ်လျှောက် ဘေးဝဲယာကို တပ်မတော် ရေယာဉ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ စိုးရိမ်ကြောက်လန့် နေကြောင်း သတင်းရရှိသည်။
မေယူမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် တပ်မတော် ကမ်းထိုးရေယာဉ်နှစ်စီးနှင့် ကင်းလှည့် ရေယာဉ်တစ်စီးတို့သည် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်မှစ၍ ရွှေလောင်းတင်အနီးမှ စတင်ကာ ရသေ့တောင်မြို့ အနီးထိ ပစ်ခတ်ခဲ့ပြီး ရသေ့တောင်မြို့အနီးအရောက်တွင် ပစ်ခတ်မှုများ ရပ်တန့်ကာ ရသေ့တောင်မြို့ကို ကျော်လွန်သည်နှင့် ရွာသစ်ကေရွာမှ စတင်ကာ ထပ်မံပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ မတ်လ ၁၀ ရက် နံနက်တွင်လည်း မေယူမြစ်အတိုင်း ၎င်းရေယာဉ်များ အစုန်မောင်းလာစဉ် နံနက် ၆ နာရီမှ ၈နာရီခန့်အထိ မြစ်ဘေး တစ်ဖက် တစ်ချက်ရှိ နေရာအများအပြားကို ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ပြောဆိုသည်။
အမည်မဖော်လိုသူ ရသေ့တောင်မြို့ပေါ်မှ ဒေသခံတစ်ဦးက "သူတို့ ညနေက ရေချမ်းပြင် ဆိပ်ကမ်းဘက်ကနေပြီး မေယူမြစ်အတိုင်း ထွက်လာတယ်။ ရွှေလောင်းတင် ကျေးရွာနားကနေ ပစ်ပြီးတော့ တက်လာတယ်။ စစ်ပွဲဖြစ်တာလည်း မရှိဘဲ သူတို့က လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ပြီး တက်လာတယ်။ ကူတောင်ကျေးရွာ အလွန်လောက် မှာတော့ ပစ်ခတ်သံ ရပ်သွားပြီး ရသေ့တောင်မြို့ထိ သူတို့က ဆက်သွားတယ်။ ရသေ့တောင်လွန်တာနဲ့ ရွာသစ်ကေ ကျေးရွာနား လောက်ကနေ တောက်လျှောက် မညှင်းတောင်ကျေးရွာအထိ ပစ်ပြီး မြစ်အပေါ်ပိုင်းကို တက်သွားတယ်။ သူတို့က ညနေဖက်က သေနတ်တွေ ပစ်လို့ မြစ်ကြောင်း အတိုင်း တက်သွားခဲ့တယ်” ဟု ပြောသည်။ `
ယနေ့ နံနက် ၆ နာရီတွင် ပြန်လည်ဆင်းလာရာတွင်လည်း မြစ်ဘေးဝဲယာ တစ်လျှောက်ကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။
၎င်းက “ ဒီနေ့ မနက် ပစ်ပြီးတော့ မေယူမြစ်အတိုင်း ဆင်းလာတယ်။ အခု ထီးစွဲရွာနားမှာ ပစ်နေတယ်။ ထိခိုက်နစ်နာမှုတွေကိုတော့ ကျနော်တို့ အတိအကျ မသိရသေးဘူး။ ဇီးခေါင်းကျေး ရွာဖက်မှာတော့ မနေ့က လက်နက်ကြီး ကျပြီး ကျွဲ၊ နွားတွေ သေတယ်လို့ ကြားတယ်။ တခြားကျေးရွာ တွေမှာလည်း နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ ထိခိုက်တာတွေတော့ ရှိတယ်။ အတိအကျကိုတော့ မသိရသေးဘူး"ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာမရှိဘဲ အင်တာနက်လိုင်းများပိတ်ထားမှုကို အခွင့်ကောင်းယူကာ ယခုကဲသို့ လုပ်ဆောင်ချက်များမှာ တရားမျှတမှု မရှိသည့်အပြင် လူအခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်ရာရောက်သည်ဟု ဒေသအတွင်း လူမှုရေး လုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။
ရသေ့တောင်မြို့နယ် မေယူကမ်း အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်အပါအဝင် လူနေအိမ် တစ်ချို့တွင် လက်နက်ကြီးကျည်ကျ၍ ပျက်စီးမှုများရှိသည်ဟု ဆိုသည်။
အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “ မနေ့က ည ၉ နာရီလောက်မှာ လက်နက်ကြီးကျည်တစ်လုံး သစ်ပင်ပေါ်မှာ ကျပြီး ပေါက်ကွဲပါတယ်။ အဲဒီကနေ အိမ်ပေါ်ကို ကျပါတယ်။ ခေါင်မိုးပေါ်က သွပ်(သံဖြူ) အချပ် ၂၀ လောက် ဇကာပေါက်ဖြစ်သွားပါတယ်။ လူတွေက သတိရှိတဲ့ အတွက် အိမ်အောက် ဗုံးခိုကျင်းမှာ ပုန်းနေတာကြောင့် ထိခိုက်မှု မရှိပါဘူး။ ဘေးနားက အိမ်ကိုလည်း ပေါက်ကွဲလာတဲ့ ကျည်စ ထိမှန်ပြီး စပါးကျီ ပေါက်သွားတယ်။ ဆန်တွေက ပြန့်ကြဲသွားပါတယ်” ဟု ပြောကြားသည်။
မေယူကမ်း အရှေ့ဘက်ကမ်း ကျောက်တန်းနယ်မြေ ဇီးခေါင်းရွာတွင်လည်း မနေ့က ည ၉ နာရီ အချိန်ရွာထဲ လက်နက်ကြီးကျည်ကျ၍ နွားတစ်ကောင်သေဆုံးကာ တစ်ကောင် ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံ တစ်ဦးကို ကိုးကားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ဒေသခံ တစ်ဦးက အဆိုပါ ကမ်းထိုးရေယာဉ်များမှာ မေယူမြစ်အတွင်း မကြာခဏ တိုက်ခိုက်ခံနေရသဖြင့် ယခင်က စစ်ရေယာဉ်များအား ပစ်ခတ်ခဲ့သည့် နေရာများကို လမ်းကြောင်း ရှင်းသည့် အနေဖြင့် ပစ်ခတ်ပုံရကြောင်း၊ ယမန်နေ့က တပ်မတော်သားများနှင့် ရိက္ခာများကို မညှင်းတောင်၊ ရေမျက် ကျေးရွာဘက်သို့ သွားပို့ပုံရကြောင်း၊ ထိုသို့ ပို့ဆောင်ရာတွင် မေယူမြစ် တစ်လျှောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက "ဒေသခံတွေက ဖုန်းဆက်ပြီး တိုက်ပွဲမရှိဘဲ ပစ်ခတ်တာတွေရှိတယ်လို့ ပြောကြတယ်။ တိုက်ပွဲရှိလို့ ပစ်ခတ်ကြတာကိုတော့ မပြောလိုပါဘူး။ တိုက်ပွဲမရှိဘဲနဲ့ ဒီလိုမျိုး ပစ်ခတ်မှုတွေ မလုပ်သင့်ဘူး"ဟု ပြောသည်။
အဆိုပါကိစ္စနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
-------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၁၀ / ၂၀၂၀