Preview

လူမျိုးရေး၊ဘာသာရေးနှင့် ဆိုရှယ်မီဒီယာများတွင်အမုန်းစကားများ ဖြေလျော့ကြရန် Colorful Women Organization မှ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

မတ် ၁၀/ ၂၀၂၀ | ကြည့်ရှုသူ :8515
ရခိုင် သတင်း

ချစ်အိလှိုင်၊ အောင်လင်းထွန်း
နိရဥ္စရာ၊ မတ် ၁၀/ ၂၀၂၀

လူမျိုးရေး၊ ဘာသာရေးနှင့် ဆိုရှယ်မီဒီယာများတွင် အမုန်းစကားများ ဖြေလျော့ကြရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်ရှိ အမျိုးသမီး အရပ်ဖက် လူမှုအဖွဲ့အစည်း Colorful Women Organization မှ ရခိုင်တစ်ပြည်နယ်လုံးတွင် ကမ်ပိန်းလှုပ်ရှားမှုပြုလုပ်၍ အသိပညာပေးခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ကမ်ပိန်းကို စစ်တွေမြို့၊ စစ်တွေဟိုတယ် အရှေ့ဖက်ကမ်းခြေတွင် ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စုဝေးကျင်းပပြီး “အမုန်းစကားတို့မပွား” ခေါင်းစဉ်ဖြင့် အသိပညာပေး စည်းရုံးခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ စစ်တွေမြို့တွင်နေထိုင်သည့် ကမန်၊ မာရမာကြီး၊ ဟိန္ဒူ၊ ခမီနှင့် ၇ခိုင်လူငယ် စုစုပေါင်း ၂၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

“အခုပွဲလုပ်ရခြင်းရည်ရွယ်ချက်က ကျွန်မတို့ဒီဆိုရှယ်မီဒီယာပေါ်မှာရော၊ မိသားစုတွေမှာရော ၊ လူမျိုးရေးကြားမှာရော ၊ ဘာသာရေးကြားမှာရောဖြစ်ပျက်နေတဲ့ အမုန်းစကားနဲ့ ဒီအမုန်း စကားကြောင့် ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ကျွန်မတို့က ဖြေလျော့ချင်တဲ့ အတွက် အမုန်းစကား ရပ်တန့်ဖို့၊ အချစ်စကားတွေပြောကြဖို့ဆိုပြီး ဒီကမ်ပိန်း လူပ်ရှားမှုကို လုပ်ရခြင်းဖြစ်ပါတယ်”ဟု စစ်တွေ အခြေစိုက် အမျိုးသမီး အရပ်ဖက် လူမှုအဖွဲ့အစည်း Colorful Women Organizationမှ  တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်မီရာဇာခိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းလှုပ်ရှားမှုကို စစ်တွေမြို့အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးရှိ မြို့နယ်များတွင်  အမျိုးသမီး အစုအဖွဲ့များက ဦးဆောင်၍ တပြိုင်တည်း၊တချိန်တည်းတွင် “အမုန်းစကားတို့မပြော ” ခေါင်းစဉ်ဖြင့်  ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊  အချင်းချင်း စည်းလုံးရန် သရုပ်ဖော်ပြသသည့် အစီအစဉ်များလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတော့ ဒီမှာပါလာတာ လူမျိုးပေါင်းစုံပါလာတယ်။ အထူးသဖြင့်တော့ စစ်တွေမြို့မှာနေတဲ့ လူမျိုးပေါင်စုံပါလာတာပေါ့နော်။ ကမန်ရယ်၊ မရာမာကြီးရယ်၊အကုန်ပါပါတယ်။ မူဆလင်ကတော့ အခြေနေတစ်ခုကြောင့် ကျွန်မတို့ဆီမှာ ပါမလာဘူးပေါ့နော်။  သူတို့တွေကို ချန်မထားပဲ ဆွဲခေါ်ချင်တယ်။ ဘာကိုဦးတည်လဲဆိုတော့ ကျွန်မတို့ရဲ့ လူမျိုးတစ်မျိုးကြားမှာ ရုပ်ရည် ကွာခြားတဲ့အတွက်ရော၊ ဘာသာ ကွာခြားတဲ့ အတွက်ရော လူမျိုးမတူတဲ့အတွက်ရော ဖြစ်နေတဲ့ ပဋိပက္ခကို ဖြေလျော့ချင်တယ်” ဟု ဒေါ်မီရာဇာခိုင်က ဆက်ပြောသည်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ ဟိန္ဒူအမျိုးသမီးငယ် တစ်ဦးဖြစ်သူ မနီနီဝင်းက “ ကျွန်မတို့ ဟိန္ဒူ လူငယ်တွေကို အခုလိုပါဝင်ခွင့်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုအမုန်းစကားတွေကို မပြောကြဖို့လည်းမျှော်လင့်တယ်။ ကျွန်မတို့ ပညာတတ်တွေဖြစ်ချင်တယ်။ အတူတူ ပေါင်းသင်း ဆက်ဆံနေထိုင်ချင်တယ်။ လူမျိုးတစ်ခုနဲ့တစ်ခု ခွဲခြားမဆက်ဆံစေချင်ဘူး” ဟု ပြောသည်။

ဂွမြို့နယ်မှ အဆိုပါ ကမ်ပိန်းအား ဦးဆောင်သူ ဒေါ်ရီရီအောင် က  “ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတတ်ဖို့ ဆိုရင် အမုန်းစကားတွေ ကို ငါတို့ ပယ်ဖျက်နိုင်မှ ရမယ်။ ဒါမှ ငါတို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတတ်ရေး သွားနိုင်မယ်ဆိုပြီး လုပ်တာပါ ။ ဆိုရှယ်မီဒီယာပိုင်းမှာ သတင်းမှားတွေ ရှယ်နေကြတာရှိတယ်။ သတင်းမှား၊ သတင်းမှန်လားမသိ ကောမန့်တွေပေးကြတယ်။ အခုလို ဒီကမ်ပိန်းတွေ လုပ်လိုက်တော့ အမုန်းစကားဟာ မကောင်းဘူးဆိုပြီး သိလာကြမယ်လို့ထင်တယ်” ဟု ပြောသည်။
 
၄င်း အဖွဲ့မှာ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ ဆုံးဖြတ်ချက်ချနိုင်ရေးနှင့် သက်မွေး ဝမ်းကျောင်းဆိုင်ရာတွေကို လုပ်ဆောင်ပေးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနစ် ဇန်နဝါရီလ ဒုတိယပတ်ခန့်က စတင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ၄င်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်မီရာဇာခိုင်ကပြောသည်။

ရခိုင်ပြည်နယ်ရှိ ဒေသတွင်းနေထိုင်ကြသည့် အမျိုးသမီးများအတွက် အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ “အမုန်းစကားတို့မပြော” ကမ်းပိန်းမှ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာပြောဆို ဆက်ဆံတတ်လာစေရန် ရည်ရွယ်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သူများကပြောသည်။

---------------------------------------------

Unicode


နိရဉ်စရာ၊ မတျ ၁၀/ ၂၀၂၀








 


#ငြိမ်းချမ်းရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.