ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၁၀ /၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာမှ နေအိမ် ငါးလုံးသည် ယမန်နေ့ညက မီးလောင်မှုဖြစ်၍ ပြာကျသွားခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်၍ ပြာကျပျက်စီးသွားသည့်နေအိမ်များမှာ စိုင်ခြုံကျေးရွာမှ ဦးလှမောင်၊ ဦးဖြူတင်၊ ဦးဘီလူး၊ ဦးညိုဇံဖြူတို့၏ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာအမျိုးအစားနေအိမ်လေးလုံးနှင့် ဦးညီချေ၏ (ဓနိမိုး၊ ဝါးခင်း၊ ဝါးထရံကာ) နေအိမ်တစ်လုံးတို့ဖြစ်ကြသည်။
မတ်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် ဦးလှမောင်၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတဆင့် ဝါးထရံအကာကို မီးစတင်လောင်ကျွမ်းရာမှ အနီးအနားနေအိမ်လေးလုံးသို့ ကူးစက် လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“စစ်သားအင်အား ၆၀ လောက်နဲ့မီးသတ်ကားလာပါတယ်။ စစ်သားတွေနဲ့ ရွာက လူတွေနဲ့ ဝိုင်းငြိမ်းလိုက်တာ။ လူတွေတော့ ထိခိုက်မှုမရှိဘူး။ အဝတ်အစားနဲ့ ရွှေထည်၊ ငွေထည်တွေ မီးထဲ ပါသွားတယ်။ ဖုန်းတွေလည်း အကုန်ပါသွားကြတယ်” ဟု စိုင်ခြုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းက နိရဥ္စရာ သတင်းဌာနအားပြောသည်။
မီးလောင်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၇၈၀၀၀၀ (ခုနစ်သိန်းနှင့် ရှစ်သောင်းကျပ်)ခန့်ရှိပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ဟု ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီဌာနမှအရာရှိတစ်ဦးက ပြောသည်။
"အဲဒီဟာက ဦးလှမောင်က တစ်ယောက်တည်းနေတယ်။ အိမ်မှာ ထင်းမီးနဲ့ချက်ပြီး ကျန်ခဲ့တဲ့ မီးကြွင်းက စလောင်တာ။ အကုန်ပြာကျသွားတာပါ။ ကျွန်တော်တို့နဲ့လည်းဝေးတော့ ကျွန်တော်တို့ မရောက်ခင်ပြာကျသွားပြီ” ဟု ၄င်းမီးသတ်ဦးစီးဌာနမှ အရာရှိက ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် မီးဘေးဒုက္ခသည် ကျား(၉)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း (၂၁)ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်စေပြီး ကျောက်ဖြူမြို့နယ် လူကယ်ပြန်ဌာနတို့က ကူညီဆောင်ရွက်ရန်စီစဉ်နေကြောင်း သိရသည်။
မီးစတင်လောင်ခဲ့သည့် အိမ်ပိုင်ရှင်ဖြစ်သူ ဦးလှမောင်အား ကျောက်ဖြူမြို့မရဲစခန်းတွင် မီးပေါ့ဆစွာသုံးစွဲမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါစိုင်ခြုံကျေးရွာသည် ကျောက်ဖြူမြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးကြောင်းလည်း သိ၇သည်။
-----------------------------------
Unicode:
နိရဉ်စရာ ၊ မတျ ၁၀ /၂၀၂၀