Preview

ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ လူငယ်တစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ

မတ် ၁၂/ ၂၀၂၀ | ကြည့်ရှုသူ :7861
ရခိုင် သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၂/၂၀၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားသူမှာ လူငယ်မှာ လက်ဝဲစာတိုက်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ဦးကျော်သောင်း၏သား မောင်နေကျော်ဆန်း ဖြစ်ကြောင်း သိ၇သည်။

မတ်လ ၁၁ ရက်နေ့  ညနေပိုင်း ၅ နာရီမိနစ် ၂၀ ခန့်တွင် တောင်ခမောက် တောင်(ခေါ်) ကိုးမြို့တောင်အနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲအပြန်အလှန် ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲမှ ကျည်ဆံလာရောက်ထိမှန်ပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

လက်ဝဲစာတိုက်ကျေးရွာမှ ဦးမောင်စိုးက“ ထိသွားတာက ဦးခေါင်းရဲ့ဘယ်ဘက် နားရွက် အထက် နားထင်ကို ရှပ်ထိသွားတာ။ ရှပ်ထိသွားတယ်ဆိုပေမယ့် ဒဏ်ရာတော့ရသွားတာပေါ့။ သူကရွာ အစွန် သူ့ဦးလေးအိမ်မှာရှိနေတဲ့အချိန် လာထိသွားတာပါ။ တိုက်ပွဲကတော့မနေ့က အကြာကြီးဖြစ်ခဲ့တယ်။ ညနေ ၅ နာရီ ၂၀ မိနစ်လောက်ကနေ စဖြစ်တာ ည ၁၁ နာရီကျော်အထိဖြစ်ခဲ့တယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် တောင်ခမောက်တောင်(ခေါ်)ကိုးမြို့တောင်နှင့် လက်ဝဲစာတိုက်ကျေးရွာသည် ၃ ဖာလုံခန့်သာဝေးကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် တိုက်ပွဲအတွင်းမှလာသော  ကျည်ဆံများမှာ ကျေးရွာရှိ နေအိမ်အချို့ကိုလည်း ထိမှန်မှုရှိခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် တို့က  တိုက်ပွဲဖြစ်သည်မှာ မှန်ကန်ကြောင်း နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ယမန်နေ့ကတိုက်ပွဲမှာ ပြင်းထန်သည့်အတွက် တပ်မတော်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက် တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။
 
ယင်းအပြင် ယမန်နေ့ကတိုက်ပွဲမဖြစ်ပွားမီ နံနက်အစောကြီး ညဉ့် ၃ နာရီခွဲခန့်က ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း ကားလမ်းပေါ်ရှိ လက်ဝဲစာတိုက်အနီး တံတားအရှေ့ဘက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယင်းမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လက်ဝဲစာတိုက်ကျေးရွာမှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက “မိုင်းကတော့ ၄ လုံးကွဲပါတယ်။ ဘာကြောင့် ဘယ်လို့ ကွဲတယ်ဆိုတာကိုတော့ မပြောတတ်ဘူး။ မနက် ၃ နာရီလောက်မှာတော ကွဲသံတွေ ကြားလိုက်ရတယ်” ဟု ပြောသည်။

ထိုသို့မိုင်းပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းသို့ ပြေးဆွဲနေသည့် လိုင်းကားများ နံနက်ပိုင်းတွင် ခေတ္တ ရပ်နားသွားခဲ့ပြီး နောက်ပိုင်းတွင်  ပုံမှန်ပြေးဆွဲလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

---------------------------------------

Unicode:









 




#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.