သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၃/၂၀၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင် ယနေ့နံနက်က ကျည်ဆံများ ထိမှန်၍ လူနာစောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိသွားသဖြင့် ဆရာဝန် ဦးမျိုးမင်းထွန်းအပါဝင် ကျန်းမာရေးဝန်ထမ်း ၁၂ ဦးနှင့် ဆေးရုံတက်နေသည့် လူနာများကို မြောက်ဦး ခရိုင်ပြည်သူ့ ဆေးရုံသို့ အရေးပေါ် ပြောင်းရွှေ့သွားပြီဟု သတင်းရရှိသည်။
ယနေ့နံနက် ၆ နာရီခန့်က မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ ရန်ကုန်-စစ်တွေ အာရှလမ်း အတိုင်း မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်း မိုင်းဖောက်ကွဲတိုက်ခိုက်ခံရပြီးနောက် စစ်ယာဉ်တန်းများမှ ပြန်လည် ပစ်ခတ်ရာတွင် တိန်ညိုတိုက်နယ်ဆေးရုံကို ကျည်ဆံ ထိမှန်မှုများ ရှိသည့်အတွက် လူနာများနှင့် ဝန်ထမ်းများကို မြို့ပေါ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု မြောက်ဦးဆေးရုံမှ ဆရာဝန်ဦးခင်မောင်သန်းက နိရဥ္စရာသို့ ပြောသည်။
"တိန်ညိုဆေးရုံကို ကျည်တွေကျလို့ အဲဒီမှာ ဆက်နေလို့မရလို့ပါ။ လူနာတွေကိုပါ မြောက်ဦးကို ပြောင်းခိုင်းတာပါ။ ပထမ တသုတ်တော့ ရောက်နေပြီး။ နောက်တစ်သုတ်က လာနေတုန်း ရှိသေးတယ်။ လူနာဘယ်နှစ်ယောက် ပါတယ်ဆိုတာကို ကျနော်မသိသေးဘူး။ ကျန်းမာရေး ဝန်ထမ်းက ၁၂ ယောက်ပါပါတယ်” ဟု ၄င်းက ပြောသည်။
တိန်ညိုတိုက်နယ်ဆေးရုံတွင် ကျည်ဆံ ထိမှန်သွားသည့် လူနာစောင့် အမျိုးသမီးမှာ ဒေါ်သန်းအေးကြည်(၅၅) နှစ်ဖြစ်ကြောင်း ညာဘက်လည်ပင်းကို ကျည်ဆံဖောက်ဝင်သွားကြောင်း တိန်ညို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“တိန်ညိုမှာ ၁၂ ယောက်ဒဏ်ရာရပါတယ် အားလုံး။ ဆေးရုံမှာလူနာစောင့်နေတဲ့ အမျိုးသမီး ဒေါ်သန်းအေးကြည် (၅၅)နှစ် အပါအဝင် ဖြစ်ပါတယ်။ ညာဘက်လည်ပင်းကို ကျည်ဆံ ဖောက်ဝင်သွားတယ်။ အခုသူ့ကိုလည်း မြောက်ဦးဆေးရုံကိုယူသွားပါတယ် ” ဟု ၄င်းက ပြောသည်။
ယနေ့နံနက် တပ်မတော်ယာဉ်တန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်း ၁၂ ဦး၊ တောင်ဦးရွာမှ တစ်ဦး၊ ကျောက်တော်မြို့နယ် သရက်တပင် သိန်းတန်ရွာမှ ၃ ဦး၊ အရပ်သားစုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် ပေါင်းတုတ် မူဆလင် ကျေးရွာတွင်လည်း ကျည်ဆံထိမှန်၍ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၄ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ကျေးရွာ တာဝန်ခံ ဦးချောင်ချူက ပြောကြားသည်။
--------------------------------------
Unicode: