ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တောင်းဆိုချက်(၈) ချက်နှင့်ပတ်သက်၍ ရဟန်းတော်များဦးဆောင်သည့် ရခိုင်အရေးကော်မတီကို ပြည်နယ်အစိုးရ ခေါ်ယူတွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k


နီမင်းထွန်း၊ ချစ်အိလှိုင်
နိရဥ္စရာ၊ မတ်လ ၁၃ / ၂ဝ၂ဝ
 
လက်ရှိရခိုင်အရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် (၈)ချက်ကို တောင်းဆိုထားသည့် ရခိုင်ပြည်တွင်း အရေးကိစ္စများကူညီဆောင်ရွက်ရေး ကော်မတီကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ယနေ့ နံနက်က ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များက ဦးစီးပြီး မတ်လ ၇ ရက်နေ့ နေ့လယ် ၁ နာအချိန်တွင် စစ်တွေရှိ အတုလမာရဇိန်ဘုရားကြီးရင်ပြင်၌တွေ့ဆုံကာ ရခိုင် အရေးနှင့် ပတ်သက်ပြီး အချက် (၈)ချက်ကို တောင်းဆိုခဲ့ကြသည်။

၎င်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က တောင်းဆိုချက် (၈) ချက်ထဲတွင် တစ်ချို့ကို ဆောင်ရွက်ပေးနိုင်သော်လည်း တစ်ချို့ ကိစ္စရပ် များမှာ ပြည်ထောင်စု အစိုးရနှင့် သက်ဆိုင်သဖြင့် ဆောင်ရွက် ပေးနိုင်ရန် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။ 
 
ရခိုင်ပြည်တွင်း အရေးကိစ္စများကူညီဆောင်ရွက်ရေးကော်မတီ၏ ပြန်ကြားရေးအဖွဲ့မှ ဦးအောင်ဌေးက “ဒီနေ့ဆွေးနွေးခဲ့တဲ့ထဲမှာ လုံနယ်ဝန်ကြီးကပြောတဲ့စကားတွေကိုပဲ နားထောင်ရတယ်။ ကျနော်တို့ကော်မတီအနေနဲ့ ဘာတစ်ခုမှ မဆွေးနွေးခဲ့ရဘူး။ ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲက တချို့အရာတွေကို ခွင့်ပြုထားတာရှိတယ်။ တချို့က လုပ်ပေးလို့မရဘူး။ ပြည်ထောင်စုကကိုင်ထားတာဖြစ်တယ်လို့ပြောပါတယ်”ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။
 
ထိုအချက် (၈)ချက်မှာ “အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းကို မပြုလုပ်ရေး”၊  “လက်နက်ကြီးများဖြင့် ကျေးရွာများကို တိုက်ခိုက်ခြင်းကို မပြုလုပ်ရေး” ၊  “ရွှေငွေစသော တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူများ၏ ဆန်စပါးနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ကို မပြုလုပ်ရေး” ၊ “ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်တားဆီးခြင်းကို ဖွင့်ပေးရေး” ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်မှု အဖွဲ့အစည်းများကို လွတ်လပ်စွာကူညီခွင့်ပေးရေး” ၊ “အင်တာနက်ဖြတ်တောက်ခြင်းကို ပြန်ဖွင့်ပေးရေး”၊ “သတင်းထောက်များ လွတ်လပ်စွာ သတင်းယူခြင်းကို ခွင့်ပြုပေးရေး” နှင့် “ထိခိုက်ဒဏ်ရာရ ပြည်သူများအား လွတ်လပ်စွာ ဆေးကုသခွင့်ပေးရေး”တို့ဖြစ်ကြောင်း သိရသည်။
 
နယ်/လုံဝန်ကြီးတို့နှင့်တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် ၎င်းကော်မတီ၏ပြန်ကြားရေးတာဝန်ခံ ကိုခိုင်မျိုးထွန်းက "အစိုးရဘက်က ဆွေးနွေးတာကတော့ နယ်/လုံဝန်ကြီးပဲ ပင်တိုင်ဆွေးနွေးတာ ရှိတယ်ပေါ့နော်။ သူက လူ/ကယ်/ပြန်ပေါ့နော်။ အစိုးရဌာနက လူမှုရေးနဲ့ ကယ်ဆယ်ရေးပေါ့နော်။ အဲဒီဌာနကနေပြီးတော့ စစ်ရှောင် Camp စခန်းတွေမှာပေါ့။ Camp မှာ အထူးသဖြင့် နေမကောင်း ဖြစ်တဲ့ ဟာတို့၊ ဒါမျိုးတွေဆိုလို့ရှိရင် သူတို့အနေနဲ့ အချိန်နဲ့ တပြေးညီ နေ့တိုင်းလိုလို လုပ်ပေးနေတဲ့ ဟာတွေ ရှိတယ်။ ပြီးတော့ လူတစ်ယောက်ကိုနေပြီးတော့ တစ်ဦးကျစီ ဆန်နှစ်လုံး ပေါ့နော်။ အဲဒီလိုမျိုး ပေးတဲ့ဟာရှိတယ်ပေါ့။ အဲလိုမျိုးအပိုင်းတွေကျတော့ သူတို့အနေနဲ့ လုပ်ပေးနိုင်တဲ့ ဟာတွေရှိလို့ လုပ်ပေးနိုင်တယ်ပေါ့နော်။ အခုလည်း လုပ်ပေးနေတယ်ပေါ့။ တချို့ အင်တာနက် ကိစ္စတို့၊ ဘာတို့ဆိုလို့ရှိရင် ပြည်ထောင်စုနဲ့ပဲဆိုင်တယ်ပေါ့နော်။ သူတို့နဲ့ မဆိုင်ဘူးပေါ့နော်။ အဲလိုမျိုးတွေပြောတယ်"ဟု နိရဥ္စရာကိုပြောသည်။
 
ယနေ့တွေ့ဆုံရာတွင် ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် ၄င်းတို့ တောင်းဆိုထားသည့် အချက် (၈)ချက်ကို နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော် အကြီးအကဲများနှင့် ကုလသမဂ္ဂအဖွဲ့တို့ထံ တင်ပြတောင်းဆိုသွားဦး မည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။

-------------------------------

Unicode:

 
နိရဉ်စရာ၊ မတျလ ၁၃ / ၂ဝ၂ဝ
 


 
 
 
 



ဆက်စပ် သတင်းများ