သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၃/၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မာလာကျေးရွာ(ရခိုင်ရွာ)မှ ရွာသား ၆ ဦးအား တပ်မတော် စစ်ကြောင်းတစ်ခုက ဘုန်းတော်ကြီးကျောင်းတွင် ကြိုးတုတ် ဖမ်းဆီးထားသည်ဟု ရွာသားများက ပြောကြားသည်။
ဖမ်းဆီးခံထားရသူ မာလာရွာသား ၆ ဦးမှာ ဦးမောင်ဦး(၄၅)နှစ် (ဘ) ဦးအောင်ကျော်သာ၊ ဦးမောင်နုစိန်(၅၀)နှစ် (ဘ) ဦးရွှေလှအောင်၊ ဦးကျော်ဆန်း(၃၇)နှစ် (ဘ) ဦးလှမောင်သိန်း၊ ဦးမောင်ကျန်(၄၀)နှစ် (ဘ) ဦးစိန်ဦး၊ ဦးအေးကျော်ဝင်း(၃၈)နှစ် (ဘ) ဦးသာလှမောင်နှင့် ဦးစောရွှေ(၄၀) (ဘ) ဦးမဲတုတ်ချေတို့ ဖြစ်ကြောင်း သိရသည်။
မာလာရွာသား တစ်ဦးက “ အဖမ်းခံထား၇တဲ့ ၆ ဦးထဲက တစ်ဦးကို သူတို့ စစ်သားတွေ ဝင်လာတဲ့ အချိန်မှာ ဗုံးကျင်းမှာ ပုန်းနေတဲ့ အတွက် မသင်္ကာလို့ ဖမ်းတယ်လို့ သိရပါတယ်။ ကျန်လူတွေကို ဘုန်းကြီးကျောင်းရှေ့ လမ်းမှာတွေ့လို့ ဖမ်းထားတယ်လို့ သိရပါတယ်။ ရွာသား ၆ ဦးစလုံးကို ကြိုးတုတ်ပြီး မာလာဘုန်းတော်ကြီးကျောင်းမှာ အခုအချိန်ထိ ဖမ်းဆီးထားတယ်လို့ သိ၇ပါတယ်” ဟု ပြောကြားသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က အင်အား ၂၀၀ ခန့်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုသည် မာလာကျေးရွာအထက်ဘက် ခပေါ်ကျေးရွာမှ ဆင်းလာပြီးကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေရာယူထားသည်ဟု ပြောသည်။
ယနေ့ ညနေ ၈ နာရီ ၁၅ မိနစ်က ဆက်သွယ်ရာ ၎င်းရွာသား ၆ ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဟု ပြောဆိုသည်။
၄င်းက“ သူတို့ဟာ ရွာသားတွေသာ ဖြစ်ကြောင်း တပ်မတော်က တာဝန်ရှိသူတွေကို ပြောပြဖို့ ရွာက အသက်ကြီးပိုင်း လူကြီးတွေက ဘုန်းတော်ကြီး ကျောင်းထဲကိုသွားပေမယ့် ဝင်ခွင့်မပေးဘူး။ ကျောင်းထိုင်ဆရာတော်ကလည်း ကျောက်တော်မြို့ကိုရောက်နေတယ်။ အခုဘယ်လို့မှ ပြောဆိုလို့ မရ။ ကျောင်းထဲကို ဝင်လို့လည်းမရ ဖြစ်နေတယ်” ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်စစ်ကြောင်းမှာ ဘုန်းတော်ကြီးကျောင်းတွင် ရှိနေသည့်အတွက် ညအချိန်မည်သို့ဖြစ်လာမည်ကို မသိရသည့်အတွက် စိုးရိမ်ကြောက်လန့်နေကြကြောင်း၊ ရွာသားများမှာ အိမ်ထဲနှင့် အိမ်ပြင်တောင်မထွက်ရဲ ဖြစ်နေကြကြောင်း မာလာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုလည်းဘုန်းကြီးကျောင်းမှာ ရှိနေတုန်းပါ။ ရွာထဲကိုဝင်ပြီး ကြက်ဝယ်ဖို့ တောင်းနေတာ တွေ့တယ်။ ဖမ်းထားတဲ့ရွာသားက ၆ ယောက်ပါ ။ ၈ ယောက် ဖမ်းတာမှာ နောက်နှစ်ယောက်ကို လွတ်ထားပစ်ခဲ့တယ်လို့ပြောပါတယ် ” ဟု ၄င်းအမျိုးသမီးက ပြောသည်။
--------------------------------
Unicode: