Preview

ကျောက်တော်မြို့နယ်တွင် တစ်ပတ်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ခန့်အထိ တိုးလာ

မတ် ၁၇/ ၂၀၂၀ | ကြည့်ရှုသူ :1959
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၁၇/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ခန့်အထိ တိုးလာကြောင်း သတင်းရရှိသည်။

အဆိုပါ ၄၀၀၀ ထဲတွင် ကျောက်တော်မြို့ပေါ်တွင် ၂၀၀၀ ခန့်ရှိပြီး နယ်ကျေးရွာများတွင် ၂၀၀၀ ခန့် ဝင်ရောက် ခိုလှုံနေကြောင်း သိရသည်။

ကျောက်တော်မြို့ပေါ်တွင် ရောက်ရှိနေကြသော စစ်ဘေးရှောင်းများမှာ နေပူခံ IDP တွင် ၁၇၀၃ ဦး၊ ကံကြီးရှင်ဘုရားကျောင်းတွင် ၁၀၇ ဦး၊ သာသနာ့ဗိမာန်ဘုန်းကြီးကျောင်းတွင် ၁၀၀ ကျော်နှင့် ခရစ်ယာန်ကျောင်းတွင် (မြိုတိုင်းရင်းသား) ၁၀၀ ခန့်တို့ အသီးသီး ရှိနေကြကြောင်း ကျောက်တော် မြို့နယ် အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်ထွန်းခင်က ပြောသည်။

တစ်ခြားနယ်ကျေးရွာများတွင် ရောက်ရှိနေသူ ၂၀၀၀ ခန့်ရှိပြီး ကျောက်တော်မြို့နယ် ရှင်ကြမ်းကျေးရွာ၊ ဝဲကြီးထောင့်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ စံသာပြင်ကျေးရွာ၊ တောင်မှုစီကျေးရွာ၊ သဲပုံကျေးရွာ၊ ဇလိန့်တောင်ကျေးရွာ၊ ၀ပြန်ကျေးရွာ၊ လင်ကွီကျေးရွာနှင့် ကျင်းကြီးကျေးရွာတို့တွင် ခိုလှုနေကြောင်း ၎င်းက ပြောသည်။

 “သူတို့အတွက် နေဖို့က သိပ်အရေးမကြီးပါဘူး။ စားဖို့သောက်ဖို့ရယ်၊ အိမ်သာရယ်၊ သောက်သုံး ရေက အဓိက အခက်ခဲရှိနေပါတယ်။ နယ်ဘက်မှာရှိတဲ့ စစ်ဘေးရှောင် နှစ်ထောင်လောက်က ကျောက်တော်မြို့ပေါ်ကို မတ်လ ၂၀ နေ့လောက်ဆိုရင် ပြောင်းလာ ကြမယ်လို့ ပြောပါတယ်။ လောလောဆယ် အဲဒီနှစ်ထောင်လောက်ကို ကျွန်တော်တို့ တနင်္ဂနွေနေ့က ဆန်အိတ် ၂၀၀၊ ငရုတ်၊ ဆီ၊ ဆား၊ ငါးခြောက် ပိဿာ ၆၀၀ ကို စက်လှေပေါ် တင်ပြီး သွားလှူခဲ့ပါတယ်”ဟု ဦးမောင်ထွန်းခင်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၄၀၀၀ ခန့်အနက် ကျောက်တော်မြို့ပေါ်က ကံကြီးရှင်ဘုရားကျောင်းတွင် နေထိုင်လျက်ရှိသည့် ၁၀၇ ဦးမှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် နေရာအနှံ့မှ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်ကြပြီး၊ ကျန် စစ်ဘေးရှောင်များမှာ မတ်လ ၁၁ ရက်နေ့မှစ၍ ကျောက်တော်မြို့နယ်မှ ကျေးရွာဖြစ်ကြသည့် လောင်းရှည်၊ မီး၀၊ တင်းမ၊ ပြိုင်းတိုင်း၊ ကွမ်းဈေး၊ သာစည်၊ မျောက်တောင်၊ ကျော်ရွှီပြင်၊ အောင်သာယာ၊ မုန့်သန်းပြင်နှင့် မာလာကျေးရွာတို့မှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျောက်တော်မြို့နယ်မှ ကျေးရွာအသီးသီးတို့ထံ ခိုလှုံလျက်ရှိကြသည့် စစ်ဘေးရှောင် နှစ်ထောင်ခန့်မှာ လာမည့် မတ်လ ၂၀ ရက်နေ့တွင် ကျောက်တော်မြို့ပေါ်သို့ ပြောင်းရွှေ့ လာမည်ဖြစ်ပြီး ၄င်းတို့အား ကျောက်တော်မြို့ပေါ်ရှိ သာသနာ့ဗိမာန်ကျောင်း၊ ကံကြီးရှင် ဘုရားကျောင်း၊ နေပူခံစစ်ရှောင်စခန်း၊ မြို့မ အထက(၂) ကျောင်းမှ ဟောခန်း စသည့် နေရာ အသီးသီးတို့ထံ စီမံခန့်ခွဲကာ နေရာချထားပေးသွားမည်ဖြစ်၍ နေရာအတွက် အခက်ခဲ မရှိသော်လည်း စားဝတ်နေရေးမှာ အလွန်တရာပင် အခက်ခဲရှိနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ဒီနေ့အချိန်ထိ တိုက်ပွဲက ရပ်တာ မရှိသေးဘူး။ ကျောက်တော် ကုလားတန်မြစ်တစ်လျှောက်ဘက်ရွာတွေမှာ လုံခြုံမှုက လုံး၀ မရှိသလို ဖြစ်လာတယ်။ နောက်လည်း သေချာတယ်။ ဒီပြဿနာက လုံး၀ ငြိမ်းမယ့်ပုံ မပေါ်ဘူးပေါ့နော်။ အကုန်လုံးက ကျောက်တော်မြို့ပေါ်ကို ရောထွေးပြီး ရောက်လာတော့ သူတို့အတွက် စားသောက်ရေး၊ အဝတ်အထည်ကအစ အခက်ခဲတွေ ဖြစ်နေကြပါတယ်။ နောက်ပိုင်းမှာ ဒီလိုကိစ္စတွေ ပိုပြီး ဖြစ်လာနိုင်ခြေ ရှိပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

စစ်ဘေးရှောင်များ၏ အခက်ခဲများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းမှ လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းပါဝင်ကူညီပေးစေလိုကြောင်း ဦးဦးထွန်းဝင်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲအကြား ထွက်ပြေးနေသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိနေပြီဖြစ်ကြောင်း ရခိုင်မျိုးနွယ်စုများ အစည်းအရုံး (REC)ရုံး၏စာရင်းအရ သိ၇သည်။

--------------------------------

Unicode


နိရဉ်စရာ၊ မတျ ၁၇/ ၂၀၂၀












#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.