သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တင်းမကြီးကျေးရွာထဲ တပ်မတော်စစ်ကြောင်း ၂ ကြိမ်ဝင်ရောက်၊ ရွာသား ၁ဝ ဦး အဖမ်းခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်း တစ်ခု မတ်လ ၁၆ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး ရွာသား အများအပြားကို ဖမ်းဆီးခဲ့ကာ ၎င်းရွာသားများ အထဲမှ ၁ဝ ဦးကို ယခု အချိန်ထိ ဖမ်းဆီး ခေါ်ဆောင်ထားသည်ဟု သိရသည်။ 

တပ်မတော်စစ်ကြောင်းတစ်ခုသည် မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့် တစ်ကြိမ်၊ မတ်လ ၁၇ ရက်နေ့လယ် တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး  မတ်လ ၁၆ ရက်နေ့က ဝင်ရောက်လာစဉ်  ရွာသား ၅ဝ ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းအထဲမှ လူပေါင်း ၄ဝ ခန့်အား ပြန်လွတ်ပေးခဲ့ကာ ရွာသား ၁ဝ ဦးအား ဆက်လက်ဖမ်းဆီးထားလိုက်သည်ဟု ဆိုသည်။

မတ်လ ၁၇ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က ၎င်းစစ်ကြောင်းသည် တင်းမကြီးရွာထဲသို့ ထပ်မံဝင်ရောက်လာပြီး ရွာသား ၄ဝ ကို လက်ပြန်ကြိုးတုတ်၊ မျက်နာကို အဝတ်စည်း ခေါ်ဆောင်သွားပြီး ညနေ ၄ နာရီကျော်တွင် ပြန်လွတ်ပေးလိုက်သည်ဟု အဖမ်းခံရသူများ ထဲပါဝင်သည့် ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခံရသည့် အထဲတွင် ပါဝင်သည့် ဦးသန်းဝင်းက “ ရွာသား ၁ဝ ယောက်ကို နောက်ပြန်ကြိုး တုတ်တယ်။ နောက်ပြန်ကြိုးမတုတ်ဘဲ ခေါ်ယူ လာတာက  ၄ဝ လောက်ပါပါတယ်။ လူပေါင်းအားလုံး ၅ဝ ဆယ်ကျော်ဖမ်းသွားတာ။ တင်းမကြီး ရွာနဲ့ ၂ မိုင်လောက်အဝေးက သရက်တောအနီးမှာ နောက်ပြန်ကြိုးတုတ်မထားတဲ့ ရွာသား ၄ဝ ကျော်ကိုပြန်လွတ်ပေး ခဲ့တယ်။ နောက်ပြန်ကြိုးတုတ်ထားတဲ့ ရွာသား ၁ဝ ဦးကိုတော့ ဖမ်းထား လိုက်တယ်။ ကျနော်တို့ကို လွတ်ပေးလိုက်လို့ ပြန်လာပြီး ရွာကိုအဝင်မှာ သူတို့က လက်နက်ကြီးနဲ့ ပစ်တာ။ ကျနော့်မှာတော့ ဘယ်ဘက်ကလက်ကို ကျည်စထိသွားတယ် ” ဟု ဦးသန်းဝင်းက ပြောသည်။

ဦးသန်းဝင်းသည် အသက် (၄၈)နှစ်ရှိပြီး လက်ရှိတွင် ဆေးကုသနေရသည်ဟု ဆိုသည်။

မတ်လ ၁၇ ရက် နေ့လယ် အချိန်က ဝင်ရောက်လာစဉ် ရွာထဲ၌ တွေ့သမျှ ယောကျ်ားများအား ဖမ်းဆီးကြိုးတုတ်ကာ မျက်နာကို အဝတ်ဖြင့်စည်းပြီး ခေါ်ဆောင်သွားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးခံရသည့် အထဲတွင် ပါဝင်သည့် တင်းမရွာသား တစ်ဦးက ပြောသည်။

“ စုစုပေါင်း ရွာသား ၄၄ ယောက် အဖမ်းခံရတယ်။ နောက်ပြန်ကြိုးတုတ်တယ်။ မျက်လုံးကို အဝတ်ပိုင်းနဲ့ စည်းတယ်။ ခေါ်သွားတယ်။ အေအေလာရင် ထမင်းကျွေးရလား၊ ဆန်ပေးရလား၊ ထောက်ပံ့ကြေးပေးလား။ တစ်ခုပြီး တစ်ခု မေးတယ်။ ကျွန်တော်က မကွယ်မဝှက် ပေးရတယ်လို့ ပြောတယ်။ ထမင်းတောင်းရင် ထမင်း၊ ဆန်တောင်းရင် ဆန်ပေးရတယ်လို့ ပြောတယ်။ သူတို့လည်း လက်နက်ကိုင်အဖွဲ့ဆိုတော့ ရွာသားတွေက ပေးရတာဘဲလို့ ပြောတယ်။ တစ်ချို့ အပြောအဆို မတတ်တဲ့သူ တစ်ယောက်နှစ်ယောက်ကို စစ်သားတွေရိုက်တာရှိတယ်။ သေနတ်တွေနဲ့ ရွာထဲက အိမ်တွေ ကားတွေကို ပစ်တာတွေရှိတယ်။ ရွာထဲမှာရပ်ထားတဲ့ လိုင်းကားတွေရှိတယ်။ အဲဒီကားတွေရဲ့ တာယာတွေကို သေနတ်နဲ့ ပစ်တယ်။ မှန်တွေကို ပစ်တယ်။ မှန်တွေ အကုန်လုံးကွဲသွားတယ်” ဟု ပြောကြားသည်။

တင်းမကျေးရွာက အမျိုးသမီး တစ်ဦးက “ ကျွန်မတို့အိမ်မှာ မိန်းမ ခြောက်ယောက်ရှိတယ်။ အကုန်လုံး လမ်းပေါ်ကို ခေါ်ထုတ်တယ်။ ယောကျ်ားမရှိဘူးလား မေးတယ်။ သားက ကျောက်တော်ကို ဆယ်တန်းဖြေဖို့သွားတယ်လို့ ပြောလိုက်တယ်။ တစ်ခြားအိမ်က မိန်းမတွေကိုလည်း လမ်းပေါ်ခေါ်ထုတ်တယ်။ ယောကျ်ားတွေကိုတော့ ကြိုးတုတ် မျက်နာစည်းပြီး ခေါ်သွားတယ်။  ပီးရင် သူတို့ဖာသာ သူတို့ အိမ်ပေါ်တွေကို တက်ရှာတယ်။ သေတ္တာတွေကို ဖွင့်ရှာတယ်။ ပစ္စည်းတွေတော့ ပြန့်ကြဲပြီး ကျန်ခဲ့တယ်။ ကျွန်မတို့ အိမ်နဲ့ အနီးဝန်းကျင်မှာတော့ ဘာမှ ယူသွားတာတော့ မရှိဘူး။ တစ်ခြားအပိုင်းက အိမ်တွေကိုတော့ မသိဘူး။ မနေ့ကလာတဲ့ အထဲမှာ ဘုရားတောင်ပေါ်မှာနေတဲ့ ဗိုလ်မှူးကိုယ်တိုင်ပါလာတယ်။ ဘာမှ မလုပ်ဘူး။ ဘာမှ မလုပ်ဘူး။  အဲသလိုတော့ ပြောတယ်” ဟု ပြောသည်။ 

သို့သော် ရွာထဲမှ စျေးတွင်ရောင်းချရန် အသင့်ဖုတ်ပြီးသား ဝက် ၂ကောင်ကိုလည်း စျေးကောက် ဦးချစ်မောင်ထံမှ ပိုက်ဆံ တစ်ပြားမှ မပေးဘဲ ယူဆောင်သွားသည်ဟု အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးက ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့က တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံထားရသူများမှာ ဦးအောင်ညွှန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယဉ်မောင် (၄ဝ)၊ ဦးသန်းမောင်ထွန်း (၄ဝ)နှစ်၊ ဦးမောင်ဝင်းကြီး (၃၈) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ)နှစ်၊ ဦးမောင်ဝင်းစိန် (၅ဝ) နှစ်၊ မောင်ထွန်းထွန်းဝေ (၁၅)နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ ဖြစ်ကြသည်။

မတ်လ ၁၃ ရက်နေ့ကလည်း တင်းမကြီးကျေးရွာအနီးတွင် တည်ရှိသည့်  တင်းမရွာသစ်မှ ရွာသား ၈ ဦး ဖမ်းဆီးခေါ် ဆောင်ခံထားရကြောင်း၊ ၎င်း တို့ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက သူ၏ ပို့စ်တွင် ရေးသားထားသည်။ 

အဆိုပါ အဖမ်းအဆီးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးကြည့်ရာ အဆိုပါ သတင်း သူမသိရှိသေးဟု ပြောကြားသည်။

တင်းမကြီးကျေးရွာတွင် လူပေါင်း ၂၅ဝဝ ခန့်ရှိရာတွင် ယခုအခါ ကျေးရွာအများစုမှာ ကြောက်လန့်ပြီး ရွာမှ ထွက်ပြေးသွားကြသဖြင့် ယခုအခါ ကျေးရွာတွင် လူပေါင်း ၅ဝဝ ခန့်သာ ကျန်ရှိကြောင်း သိရသည်။

-------------------------------

Unicode:



















ဆက်စပ် သတင်းများ