ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂၀/၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ စစ်တပ်က ဖမ်းခေါ်သွားသည့် ဦးမောင်ဝင်း (ခ) ဦးမောင်ဝင်းကြီး (၅၀)နှစ်၏ အလောင်းကို ကုလားတန်မြစ်အတွင်း မျောပါ၍ တွေ့ရှိခဲ့သည်ဟု အစ်ကိုဖြစ်သူနှင့် ဇနီးဖြစ်သူတို့က ပြောသည်။
၄င်းအလောင်းများအား မတ်လ ၁၇ ရက်နေ့နေ့လယ် ၁ နာရီခန့် သူကိုယ်တိုင် ချောင်းစပ်နားထိ ဆင်းကာ ကြည့်ခဲ့ပြီး အတည်ပြုနိုင်ကြောင်း သေဆုံးသွားသူ ဦးမောင်ဝင်း၏ အစ်ကို အကြီးဆုံး ဖြစ်သူ ဦးဖြူလှအောင်က ပြောသည်။
“ ကျွန်တော်ကိုယ်တိုင်သွားကြည့်ခဲ့တာပါ။ ရွာသားတစ်ယောက်က ကျွန်တော့ညီနဲ့တူတယ်လို့ လာပြောတော့ သွားကြည့်ခဲ့တာပါ။ ကျွန့်တော့ညီ သေချာပါတယ်။ ဖမ်းသွားတာက ၁၆ ရက်နေ့ကပါ။ ကျွန်တော့မှာ ညီနှစ်ယောက်ပါသွားပါတယ်။ မောင်ဝင်းနဲ့ မောင်ဝင်းစိန်ပါ။ အခုကျွန်တော်တို့ကြားနေတာက အကုန်သေပြီလို့ကြားနေပါတယ်” ဟု ဦးဖြူလှအောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။
တင်းမကြီးရွာ ဆန်စက်ဖွဲစပါးပုံနားရှိ ကုလားတန် မြစ်ထဲတွင် သူ့ညီ၏ အလောင်းနှင့်အတူ တစ်ခြား အမည်မသိအလောင်းတစ်လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ဦးဖြူလှအောင်က ဆက်ပြောသည်။
ဦးမောင်ဝင်၏ ဇနီးဖြစ်သူ ဒေါ်ဘူဘူက “သေသွားပါပြီ။ ကျွန်မ ယောကျာ်း အလောင်းကို ကျွန်မခဲအိုက မျက်နာကို လှန်ကြည့်ခဲ့တာပါ။ စွပ်ကျယ်အကျီနဲ့ပါ။ အတိကျပါပဲ။ စစ်တပ်ရှိတဲ့ တောင်ရှည်တောင်ကနေ မျောပါလာတာပါ။ အလောင်းမျောတာကသိပါတယ်။ ဘယ်ကမှန်း မသိဘူး။ သူသေတာမသိခဲ့ပါဘူး။ အခုသေသွားပါပြီ။ အမလေး။ ဘယ်လို လုပ်ရမှာပါလဲရှင့်” ဟု ပြောသည်။
၄င်းဦးမောင်ဝင်းအပါအဝင် လူ ၁၀ ဦးအား မတ်လ ၁၆ ရက်နေ့က စစ်တပ်က ရွာထဲကနေ ဖမ်းဆီး သွားခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်ဘူဘူက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံခဲ့၇သူများမှာ ဦးအောင်ညွှန့်(၆၅)နှစ်၊ ဦးထွန်းဝင်းမောင်(၆၄)နှစ်၊ ဦးယာဉ်မောင်(၄၀)နှစ်၊ ဦးသန်းမောင်ထွန်း(၄၀)နှစ်၊ ဦးမောင်ဝင်း(ခ) ဦးမောင်ဝင်းကြီး (၅၀)နှစ်၊ ဦးမောင်ဝင်းချေ(၃၇)နှစ်၊ ဦးမောင်ကြည်လင်း (၄၀)နှစ်၊ ဦးမောင်ဝင်းစိန်(အသက်၅၀)ကျော်၊ မောင်ထွန်းထွန်းဝေ(၁၅)နှစ်နှင့် မောင်နေလင်းဦး(၂၈)နှစ်တို့ဖြစ်ကြကြောင်း သိ၇သည်။
ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ၄င်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ ၄င်းက “ဦးမောင်ဝင်းရဲ့ မိန်းမနဲ့တော့အဆက်သွယ်ရတယ်။ သူ့ခဲအိုကိုယ်တိုင် အဝတ် အစားက အစ အလောင်းကိုရော မြင်ခဲ့တယ်ပြောတယ်။ တဆင့်စကားနဲ့အတည်ပြုလို့ အဲဒီ အလောင်းဟာ သူ့ယောကျာ်း အလောင်းပါလို့ ပြောတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအားဆက်သွယ်ရာ ၄င်း၏ ကိုယ်ရေးအရာရှိက ဗိုလ်မှူးကြီး ဝင်းဇော်ဦးမှာ အလုပ်ရှုပ်နေကြောင်း ပြော၍ ဖုန်းချသွားခဲ့သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် တို့အား နိရဥ္စရာ သတင်း ဌာနမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ရခိုင့်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ လူ့အခွင့်အရေးရှေ့နေ ဦးဇော်ဇော်မင်းက “သေဆုံးသွားတာကို သိရတယ်။ အဲဒါကိုကျွန်တော်တို့ ရှုတ်ချတယ်။ ကျွန်တော်တို့အဖွဲ့က အရေးယူနိုင်တဲ့အဖွဲ့မဟုတ်တဲ့အတွက် ရှုတ်ချတာဘဲ လုပ်နိုင်တယ်။ သံသယနဲ့ ဖမ်းဆီး ခံထားရတဲ့စပ်ကြားမှာ သေဆုံးတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်။ အဲဒါတွေတွက် တရားမျှတမှု အတွက် တာဝန်ရှိတဲ့လူတွေက စုံစမ်းစစ်ဆေးပြီး အရေးယူသင့်တယ်။ အခုလို မတရား ဖမ်းဆီးညှင်းပန်း နှိပ်စက်လိုက်တဲ့လူတွေကို စုံစမ်းစစ်ဆေးပြီးအရေးယူသင့်တယ်။ မြန်မာ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာလည်း တင်ပြတောင်းဆိုသွားပါမယ်” ဟု ပြောသည်။
နိရဥ္စရာသတင်းဌာနအနေဖြင့် ဦးမောင်ဝင်း မည်သို့ မည်ပုံသေဆုံးသွားသည်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။
------------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၂၀/ ၂၀၂၀