Preview

ကျောက်တော်မြို့နယ်တွင် ညဉ့်အချိန် ဆန်စက်ထဲ လက်နက်ကြီးကျည်ကျ၍ အလုပ်သမား ၂ ဦးဒဏ်ရာရ

မတ် ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :1455
ရခိုင် သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၂၀/၂၀၂၀

ကျောက်တော်မြို့နယ်တွင် ယမန်နေ့ ညဉ့်အချိန် ဆန်စက်ထဲ လက်နက်ကြီးကျည်ကျ၍ အလုပ်သမား နှစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ  ဦးချမ်းစိန်(၅၃)နှစ်နှင့် ဦးအောင်ဇံ အသက် (၆၀) ကျော် အရွယ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသွားသည့် ဦးချမ်းစိန်၏သားဖြစ်သူ ကိုမောင်မြင့်စိုးက“ဖြစ်တာက အလုပ်မှာဖြစ်တာပါ။ အိမ်မှာဖြစ်တာမဟုတ်ပါ။ အလုပ်က ဝက်မှိုင်းနဲ့ ပိန္နဲချောင်းရွာအကြားက လခြမ်းမြီဆန်စက်ရုံမှာ OT ဆင်းနေတာပါ။ ညဥ့်အလုပ်ဆင်းနေတဲ့အချိန် ညဉ့် ၁၂ နာရီလောက်မှာ ဖြစ်တာလို့ပြောပါတယ်။ နေဗီကနေ ပစ်တာပါ” ဟု ပြောသည်။
 
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဦးချမ်းစိန်တွင် ညာဘက်ဒူးဆစ်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း၊ ဦးအောင်ဇံတွင် နောက်ကျောတွင် ထိမှန်သွားကြောင်း၊ ယင်းအထဲမှ ဒဏ်ရာ ပြင်းထန်သည့် လူနာ ဦးချမ်းစိန်အား ကျောက်တော်ပြည်သူ့ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ ယူလာဆောင်လာသည်ဟု ဆန်စက်ပိုင်ရှင်က  ပြောသည်။

“ သူတို့က အလုပ် လုပ်နေတဲ့ အချိန်ပါ။ ဒါပေမယ့် သေနတ်သံတွေကြားတဲ့ အတွက် ပုန်းနေတဲ့ အချိန်မှာ လာကျတာပါ။ အခု ဦးချမ်းစိန်ကို စစ်တွေဆေးရုံကြီးကို ကျွန်တော်ကိုယ်တိုင် ကားမောင်းပြီး ယူလာတဲ့ အတွက် မအားသေးပါ” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညဉ့် ၁၂ နာရီခန့်တွင် ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသည့် တပ်မတော်နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဝက်မှိုင်းနှင့် ပိန္နဲချောင်းကြားတွင် ရှိသည့် ဆန်စက်ရုံတွင် ကျရောက်ပေါက်ကွဲပြီး ထိုသို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူ၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ညဉ့် ၁ နာရီမှာ နေဗီကနေပစ်တယ်။ နေဗီကနေပစ်တော့ လခြမ်းမြီ ဆန်စက်မှာကျတယ်။ ၂ လုံးကျတယ်။ ဆန်စက်ရဲ့ ချောင်းနားစပ် ၁ လုံးကျတယ်။ ဆန်စက်ထဲမှာတစ်လုံးကျတယ်။ နောက်ပြီးတော့ ကစ္ဆပနဒီ တံတားဘေးဘောင်မှာ ၁ လုံးကျတယ်။ ဘေးဘောင် ပြိုထွက် သွားတယ်” ဟု ပြောသည်။

တပ်မတော်နေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် လူ ၂ ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း၊ ညီညီသန်း ဆန်စက်တွင် လုပ်လုပ်နေသည့် အလုပ်သမား ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောသည်။

---------------------------

Unicode




 





#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.