Preview

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူနှစ်ဦးထိ ရှိနေပြီဖြစ်သော်လည်း ပြန်ဝင်လာသူများကို မြန်မာနိုင်ငံက လက်ခံနေဆဲ

မတ် ၂၁/ ၂၀၂၀ | ကြည့်ရှုသူ :3430
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)နှင့် သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၂၁/၂၀၂၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၁၈ ရက်နေ့က အသက် ၇၀ အရွယ် တစ်ဦး၊ ယနေ့ မတ်လ ၂၁တွင် အသက် ၇၃ နှစ်အရွယ် တစ်ဦး သေဆုံးခဲ့ပြီး ရောဂါ ခံစားနေ၇သူမှာ ၂၄ ဦးထိ ရှိနေကြောင်း ဘင်္ဂလာဒေ့ရှ် ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် သေဆုံးမှုများ ရှိနေပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် ပြန်လည် လက်ခံရေး စခန်းများတွင် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်က ပြန်ဝင်လာသည့် နေရပ်စွန့်ခွာထွက်ပြေးသူများကို ဆက်လက် လက်ခံနေဆဲ ဖြစ်ကြောင်း သိရှိ၇သည်။

မတ်လ ၁၉ ရက်နေ့က တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူ မိသားစု (၂) စု၊ ကျား ၅ ဦး၊ မ (၆) ဦး စုစုပေါင်း (၁၁) ဦးကို မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ လက်ခံရေး စခန်းက ပြန်လည် လက်ခံခဲ့သည်ဟု မတ်လ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် သတင်းစာများတွင် ဓာတ်ပုံများနှင့် တစ်ကွ ဖော်ပြခဲ့သည်။

ထိုသို့ တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများအား လက်ခံနေမှုနှင့် ပတ်သက်ပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကို ဆက်သွယ်မေးမြန်းရာ ၎င်းက “ ပြန်လည် လက်ခံရေး စခန်းတွေကို ဖွင့်ထားပါတယ်။ ပိတ်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ခွင့်ပြုတဲ့ သူမှ လက်ခံတာပါ။ တကယ်လို့ ဟိုဘက်နိုင်ငံမှာ ဖြစ်နေရင်တော့ ပိတ်မှာပေါ့။ အထက်က ညွှန်ကြားရင်တော့ ပိတ်မှာပေါ့။ ဒါက နိုင်ငံတော် အစီအစဉ်နဲ့ လုပ်တာလေ။ ကျွန်တော်တို့ အစီအစဉ်နဲ့ လုပ်တာ မဟုတ်ဘူးလေ။ နိုင်ငံတော်က ပိတ်ခိုင်းရင်တော့ ပိတ်မှာပေါ့” ဟု ပြောကြားသည်။ 

ယခုကဲ့သို့ ပြန်လည် လက်ခံရေးစခန်းများကို  ဖွင့်လှစ်ပြီး ဝင်လာသူများကို လက်ခံနေခြင်း အပေါ် ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ အခု ဘင်္ဂလာဒေ့ရှ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ရှိနေတာကို မီဒီယာတွေက တစ်ဆင့် ဖတ်ရတယ်။ ဒီရောဂါဟာ အလွန်ကြောက်စရာကောင်းတယ်ဆိုတာလည်း အားလုံး မျက်မြင်ပဲလေ။ တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လူတွေ သေတဲ့အထိ ဖြစ်နေပြီဆိုတာ့ အခု ဝင်လာတဲ့သူတွေမှာလည်း ရောဂါ ပါ/ မပါ ဘယ်သူမှ မပြောနိုင်ဘူးလေ။ ဒီကိစ္စက တော်တော်ကို အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် လောလောဆယ်မှာ ပြန်လည် လက်ခံရေး စခန်းတွေကို ယာယီ ပိတ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ပြောကြားသည်။ 

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က “ကျနော်တို့ကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကတည်းက ကျနော်တို့ အာဏာပိုင်တွေနဲ့ တွေ့တဲ့ အချိန်မှာပြောထားတယ်။ UEHRD အစီစဉ်နဲ့လက်ခံတာတွေကို ရပ်တော့လို့ ပြောထားတယ်။ ဒါပေမဲ့ ဒီဟာမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့လည်းမသိ။ ပြည်ထောင်စုရုံးက သူတို့ကို ခိုင်းတယ်လို့ပြောတယ်။ ဘယ်သူဘယ်သူ ဝင်လာဖို့ရှိတယ်။ မင်းတို့လက်ခံပါဆိုပြီး ပြောတယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ်မှာက လူဦးရေထူထပ်တယ်။ ရောဂါနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ စစ်ဆေးဖို့ အခက်အခဲရှိမယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ကိစ္စကတော့ နှစ်နိုင်ငံ အစိုးရ သဘောတူညီမှုနဲ့ တချို့စီးပွားရေး ကူးလူးဆက်ဆံရေးရှိတယ်။ နောက်တချို့ကလည်း ခိုးဝင်ခိုးထွက် လုပ်နေကြတယ်။ များသောအားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာများတယ်။ သူတို့က ကုန်းတွင်းပိုင်း ဆက်နွယ်နေကြတာကို။ သူတို့ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဆုံးမှုတွေ ရှိနေပြီ ဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်အတွက် အရမ်းပြဿနာရှိတယ်။ အရမ်း အန္တရာယ် များတယ်” ဟု ဦးထွန်းလှစိန်က ဟု နိရဥ္စရာသို့ ပြောသည်။

မြန်မာနိုင်ငံတွင် နယ်စပ် တစ်လျှောက် ပြည်ဝင်ခွင့် ဗီဇာဖြင့်ဝင်ရောက်ခွင့် ယာယီ ပိတ်ထား သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာထွက်ပြေးသူများအား လက်ခံရေးစခန်းများမှ ပြန်လည် လက်ခံနေဆဲ ဖြစ်သဖြင့် မောင်တောဒေသခံများ အကြားတွင်လည်း စိုးရိမ်မှုများ ရှိနေကြသည်ဟု သိရသည်။

၎င်းပြင် ပြန်ဝင်လာသူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စစ်ဆေးမှုများ၊ စောင့်ကြည့်မှု များလည်း မရှိကြောင်း ဒေသခံများက ပြောဆိုသဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလို၍ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။

-----------------------------

Unicode:













#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.