ကျောက်ဖြူမြို့နယ် ပြုံးပြည့်ကျေးရွာအနီး ပေါက်ကွဲသံ ကြားရပြီးနောက် ရွာသား ၂ဝ ခန့် ခေါ်ယူစစ်ဆေးခံနေရ

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ်လ ၂၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းချောင်းအုပ်စု၊ ပြုံးပြည့်ကျေးရွာအနီး ရွာမတောင်မှ ယနေ့ နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲ အချို့ကြားခဲ့ရပြီးနောက် ကျေးရွာသား ၂ဝ ဦးခန့်ကို စစ်တပ်က ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ကျေးရွာသား တစ်ဦးက “ ဒီနေ့ မနက်က ပေါက်ကွဲသံ လေးချက်လောက် ရန်ကုန်-စစ်တွေ ကားလမ်း ကျွန်တော်ရွာအနီးက ရွာမတောင်ဘက်က ကြားရပါတယ်။ မိုင်းပေါက်ကွဲတာလား၊ ဘာဖြစ်တာလည်း ကျွန်တော်တို့ မသိပါ။ အသံကြားလိုက်ရတာပါ။ အဲဒီနောက် စစ်တပ်က လမ်းမှာသွားနေတဲ့သူတွေ၊ ရွာပြင်က လူတွေကို ဖမ်းပြီး စစ်ဆေးနေပါတယ်။ ရွာက ၂ဝ လောက်တော့ ရှိပါတယ်။ အမျိုးသမီးတွေလည်း ပါပါတယ်” ဟု ပြောသည်။
စစ်ဆေးခံရသူ ၂ဝ ခန့်ထဲတွင် အသက် ၃ဝ ကျော် အရွယ် ဦးဇော်ထွန်းငြိမ်းနှင့် ဇနီးဖြစ်သူ ဒေါ်မခင်ရွှေ၊ အသက် ၆၇ နှစ်ရှိပြီ ဖြစ်သော ဦးကျော်သာ၊ ဦးမောင်ကြည်စသူများပါဝင်ကြောင်း၊ ရွာသားများ ရွာပြင်ကို မထွက်ရဲ၍ နာမည် အတိအကျကို ပြောရန် ခက်ခဲကြောင်း ၎င်းက ပြောကြားသည်။
အိမ်ခြေ ၇၃ ဆောင်ရှိသည့် ပြုံးပြည့်ကျေးရွာသည် ကင်းချောင်းအုပ်စုတွင် ပါဝင်သဖြင့် ကင်းချောင်းအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းသို့ ဆက်သွယ်ရာ ပြုံးပြည့်ကျေးရွာမှ ရွာသား ၂ဝ ခန့်ကို ခေါ်ယူစစ်ဆေးနေခြင်းမှာ မှန်ကန်ကြောင်း ပြောကြားသည်။
“အမ်းဘက်ကနေ စစ်ကား ၆ စီးက ကျောက်ဖြူဘက်ကို ဆင်းလာပါတယ်။ အဲဒီမှာ ကျောက်ဖြူ ဘက်ကို သွားတဲ့ အဝေးပြေးလမ်းမကြီး ဘေးမှာ အဲဒီစာသင်ကျောင်းက ရှိတာပါ။ အဲဒီဘက်က ပေါက်ကွဲသံလိုလို၊ သေနတ်သံတွေလိုလို ကြားရတယ်လို့ ရွာသားတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးက လမ်းမှာ သွားလာနေတဲ့ ရွာသားတွေကို ခေါ်ပြီး စစ်ဆေး နေပါတယ်။ ခေါ်ထားတဲ့ ရွာသား ၂ဝ လောက်ရှိပါတယ်။ ရွာထဲက ရွာသားတွေကလည်း ကြောက်လန့်ပြီး အိမ်ထဲက မထွက်ရဲကြတော့ဘူး” ဟု ဦးမောင်ဆန်းက နိရဥ္စရာမှ ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က ဆက်သွယ်စဉ် ပြောသည်။
အဆိုပါ စစ်ကား ၆ စီးသည် ပြုံးပြည်ကျေးရွာမှ မူလွန်စာသင်ကျောင်းရှေ့အရောက်တွင် ရွာ၏ တောင်ဘက်ရှိ တောင်တန်းများအား လက်နက်ငယ်များဖြင့် သုံးလေးချက် လှမ်းပစ်ခတ်မှုများလည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ပြုံးပြည့်ကျေးရွာမှ ကျေးရွာသားတစ်ဦးကလည်း “ ရွာသားတွေကလည်းကြောက်ပြီး ကိုယ့်အိမ်ကကိုယ် မထွက်ရဲကြပါဘူး။ ရွာသား ၂ဝ လောက်လည်း ခေါ်ထားပါတယ် စစ်သားတွေက။ ယောက်ကျားတွေ၊ မိန်းမတွေနဲ့ ကလေးတွေလည်း ပါတယ်လို့ သိရပါတယ်။ အခု ကလေးတွေကိုတော့ ထမင်းစားဖို့ လွတ်လိုက်ပြီလို့ သိရပါတယ်။ စစ်ကားကတော့ အခု ရွာမှာ ၁ စီးပဲ ကျန်ပါတော့တယ်။ ကျန်တဲ့ကားတွေက သွားကြပါပြီ။” ဟု နိရဥ္စရာသို့ ပြောသည်။
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ကျွန်တော်တို့ ပြုံးပြည့်မှာ ရွာသားတွေနဲ့ ဒေသဖွံ့ဖြိုးရေး သွားလုပ်တုန်းက စစ်သားတွေက ဘုန်းကြီးကျောင်းမှာ နေရာချတာကို သိခဲ့ရပါတယ်။ ပစ္စည်းပစ္စယ၊ လက်နက် အပြည့်အစုံ၊ စားရိက္ခာတွေကို ကားက ချနေတာကို တွေ့ခဲ့ရပါတယ်။ ဒီနေ့ ဖြစ်စဉ်ကိုတော့ မသိရသေးပါဘူး ကျွန်တော် ခရီးလွန်နေလို့ပါ။” ဟု ဦးဖိုးစံက နိရဥ္စရာသို့ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူများကို ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
---------------------------
Unicode:
နိရဉ်စရာ၊ မတျလ ၂၃/ ၂ဝ၂ဝ