Preview

တင်းမကြီးကျေးရွာမှ ပိုလီယိုရောဂါသည်တစ်ဦးနှင့် သက်ကြီးတစ်ဦးတို့ ရွာမီးရှိူ့ခံလိုက်ရသည့် အထဲပါသွားပြီဟု ထင်ရကြောင်း မိသားစုဝင်များပြော

မတ် ၂၃/ ၂၀၂၀ | ကြည့်ရှုသူ :6707
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ်လ ၂၃/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာမှ ကျေးရွာအတွင်း ပိတ်ကျန်ခဲ့သည့် ပိုလီယိုရောဂါသည်တစ်ဦးနှင့် သက်ကြီး ရွယ်အိုတစ်ဦးတို့မှာ မတ်လ ၂၂ ရက်နေ့က မီးရှို့ခံရသည့် အထဲတွင်ပါသွားပြီဟု ခန့်မှန်း၇ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦးမှာ တင်းမကြီးကျေးရွာမှ ဦးမောင်သိန်းအောင်၏ သား ပိုလီယိုရောဂါသည် ကိုဇော်ဝင်းနိုင် (၃၀) နှစ်နှင့် သက်ကြီးတစ်ဦးမှာ ဦးစောသိန်း၏ ဖခင် ဦးအဖြူမောင် (၇၄) နှစ် ဖြစ်ကြောင်း သိ၇သည်။

ဦးအဖြူမောင်၏ သား ဦးစောသိန်းက “အဖေက လမ်းလျှောက်လို့ မရဘူး။ မျက်လုံးလည်း မမြင်ပါဘူး။ အဲဒီမှာ ကယ်ထုတ်ဖို့ ကျွန်တော်လည်း ကလေးနှစ်ယောက်နဲ့ဆိုတော့ မနိုင်ဘူး။ ညဘက် အမှောင်ထဲမှာ လှေနဲ့ ရွာတစ်ဘက်ကမ်းကို ကူးပြီး ပြေးရတာပါ။ အဲဒီအချိန်က စစ်တပ်က သေနတ်တွေနဲ့လည်း အသည်းအသန်ပစ်နေတယ်။ ပြေးလာတဲ့ လှေတွေကိုလည်း လှမ်းပစ်တာပါပဲ။ နောက်တစ်နေ့ မနက်ကျတော့ အဖေ့ကို ကယ်ထုတ်ဖို့ ရွာအပြင်တစ်နေရာက သေနတ်ပစ်တာတွေ ရပ်ဖို့ စောင့်နေပါတယ်။ အဲဒီမှာ သေနတ်ပစ်တာက မရပ်သေးဘူး။ ရွာကို ဝင်ပြီး စစ်သားတွေက မီးရှို့ လိုက်ပါတယ်။ အဖေက အိမ်ပေါ်မှာ ကျန်ခဲ့တာ။ တစ်ရွာလုံးက မီးလောင်တာဆိုတော့ အဖေက လမ်းလျှောက်လို့လည်း မရဘူးလေ။ မီးထဲပါသွားပြီလို့ ထင်ရပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးစောသိန်းမောင်မှာ သူ၏ သားသမီးနှစ်ဦးနှင့်အတူ ဇနီးအပါအဝင် မတ်လ ၂၁ ရက်နေ့က တပ်မတော်သားအချို့က ကျေးရွာအတွင်း ပစ်ခတ်မှုများ ပြုလုပ်သောကြောင့် ထွက်ပြေးလာခဲ့၇ခြင်းဖြစ်ပြီး၊ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ၄င်း၏ ဖခင်ဖြစ်သူ ဦးအဖြူမောင်အား ကယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း ရွာအား မီးရှို့ နေသည့် အခြေနေကြောင့် ပြန်လမ်းအတိုင်း လာခဲ့၇ကြောင်း ၎င်းက ပြောသည်။

ပိုလီယိုရောဂါသည် ကိုဇော်ဝင်းနိုင်၏ ဖခင် ဦးမောင်သိန်းအောင်က “ကျွန်တော့်သားက လမ်းမလျှောက် နိုင်ဘူး။ မီးကလည်း အဲဒီအချိန်တုန်းက လောင်နေတယ်။ ကျွန်တော်က အဝေးက လှမ်းကြည့်နေပါတယ်။ သားလေးက အိမ်မှာ ကျန်ခဲ့တာ။ ကျွန်တော်တို့အိမ်အနီးတဝိုက်က အကုန်လုံး မီးလောင်ကျွမ်းနေတာကို တွေ့ရပါတယ်။ စစ်သားတွေ ပစ်ခတ်လို့ မီးလောင်တာကို ကျွန်တော့်မျက်လုံးနဲ့ မြင်ပါတယ်။ ကျွန်တော့် သားလေးက မီးထဲပါလို့ သေသွားပြီလို့ ထင်ပါတယ်။ ကျွန်တော့်သားကို ယူဖို့ သွားတာ စစ်သားတွေ သေနတ်နဲ့ လှမ်းပစ်တော့ ကျွန်တော်ရွာဘက်ကို မကူးရဲပါဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးမောင်သိန်းနိုင်နှင့် ဦးစောသိန်းမောင်တို့မှာ လက်ရှိ ကျောက်တော်မြို့ပေါ်မှ ယာယီ စစ်ဘေးရှောင် စခန်းအဖြစ် အသုံးပြုထားသည့် မြို့မ အထက (၂) စာသင်ကျောင်းတွင် ခိုလှုံလျှက်ရှိကြောင်း သိ၇သည်။

မတ်လ ၂၁ ရက်နေ့က တပ်မတော်သားအချို့မှာ ကျေးရွာအတွင်း ဝင်ရောက်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မတ်လ ၂၂ ရက်နေ့တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ တပ်မတော်သား အချို့ကမီးရှို့  လိုက်ကြောင်း၊ ယင်းမတိုင်မီ ကျေးရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ၊ နေအိမ်များမှ ပစ္စည်းများအား ယူဆောင်ခြင်းများ ပြုလုပ်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၇၀၀ ခန့်ရှိသည့် တင်းမကြီးကျေးရွာမှ လက်ရှိ နေအိမ်များမှာ မရှိတော့ကြောင်း၊ ရွာရှိ တိုက်နယ်ဆေးရုံတစ်ခုသာ ရှိတော့ကြောင်း  လုံခြုံရေးအရ အမည်မဖော်လိုသည့် တင်းမကြီးကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

မတ်လ ၁၆ ရက်နေ့က တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁၀ ဦးအား တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ယင်းဖမ်းဆီးခေါ်ဆောင်ခြင်းခံ၇သူများမှာ ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄၀) နှစ်၊ ဦးသန်းမောင်ထွန်း (၄၀) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅၀) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄၀) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅၀ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြပြီး ယနေ့အချိန်ထိ အဆက်အသွယ် မရသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိ၇သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံ၇ပြီး နောက်တစ်နေ့ နေ့လယ် ၁ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများထဲမှ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး၏ အလောင်းအား ကုလားတန်မြစ်အတွင်း မျောပါ၍ တွေ့ရှိကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိ၇သည်။

---------------------------- 

Unicode: 



နိရဉ်စရာ၊ မတျလ ၂၃/ ၂၀၂၀













#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.