ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ်လ ၂၅/ ၂၀၂၀
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကျေးရွာပေါင်း ၁၁၈ ရွာတွင် မတ်လ ၂၄ ရက်နေ့က စတင်ပြီး သံတွဲမြို့နယ် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များကို ကျေးရွာအလိုက် ဖြန့်ဝေခဲ့ကြောင်း သိ၇သည်။
သံတွဲမြို့နယ်မှ လက်ပံစု၊ ကျောင်းတိုက်၊ နတ်ပြင်၊ အောင်မင်္ဂလာကုန်း၊ တလိုင်းတဲ၊ မြင်းစိုင်းမော်၊ နွားစားပြင်၊ ကျောင်းကုန်းကျေးရွာ စသည့် ကျေးရွာများတွင် ဖြန့်ဝေခဲ့ခြင်းကို နွားစားပြင်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးဌာနမှ စေတနာ့ဝန်ထမ်း မငြိမ်းဖြူဇင်က ပြောသည်။
မငြိမ်းဖြူဇင်က “ ရွာပေါင်း ၁၁၈ ရွာကို ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး စာစောင်တွေကို မိတ္တူကူးပြီးတော့ ပေးခဲ့ပါတယ်။ အဲဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်/ ရှောင်ရန်တွေကို ကျွန်မတို့ ရွာမှာ ပေးခဲ့ပါတယ်။ ရွာမှာ လူအများစုတဲ့ နေရာတွေမှာ ကပ်ပေးဖို့အတွက် ကုန်စုံဆိုင်တွေကို ဝင်ပြီး စာစောင်တွေကို ပေးခဲ့ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
အဆိုပါ စာစောင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါဖြစ်နိုင်ခြေရှိသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် စသည့် ညွှန်ကြားချက်များ ပါဝင်ပြီး၊ စာစောင်များကို ကျေးရွာများအတွင်း ဖြန့်ဝေသလို စာရွက်များကိုလည်း လူအများသွားလမ်းရှိ ဓာတ်တိုင်များ၊ လမ်းဘေး သစ်ပင်စသည့် နေရာတို့တွင် ကပ်ကြောင်း သံတွဲမြို့နယ် ကျောင်းတိုက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဒေါ်ခင်အုန်းရွှေက ပြောသည်။
ဒေါ်ခင်အုန်းရွှေက “ကျွန်မတို့ရွာက အမျိုးသမီးအချို့နဲ့ မနေ့က ညနေ ၃ နာရီလောက်မှာ အသိပညာပေး စာစောင်တွေကို ရွာထဲက သစ်ပင်တွေမှာ ကပ်ပါတယ်။ စာစောင်ထဲမှာက လူစုလူဝေးတွေကို မသွားဖို့၊ လက်ဆေးဖို့၊ မိမိအိမ်မှာ အတတ်နိုင်ဆုံးနေကြဖို့ အဲဒီ အချက်တွေပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ကျောင်းတိုက်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးဌာနမှ စေတနာ့ဝန်ထမ်း မစုစုကြည်ကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် စသည့် အသိပညာများ ရရှိစေလို၍ စာစောင်များအား ၄င်းတို့ဌာနအနေဖြင့် ကျေးရွာပေါင်း ၁၁၈ ရွာတွင် ဖြန့်ဝေခဲ့ကြောင်းလည်း ပြောသည်။
--------------------
Unicode:
နိရဉ်စရာ၊ မတျလ ၂၅/ ၂၀၂၀