ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်တွင် ရခိုင်တွင်အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် အလွန်စိုးရိမ်မိကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြော


သန့်မြတ်ခိုင်

စစ်တွေ၊ မတ် ၂၆/၂ဝ၂ဝ

တရုတ်နိုင်ငံ ဝူဟန်မြို့မှတစ်ဆင့် တကမ္ဘာလုံးသို့ ကူးစက်ပြန့်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် COVID- 19 ရောဂါ ဖြစ်ပွားနေချိန်တွင် ရခို်င်ပြည်နယ်မှ မြို့နယ် ၈ ခုတွင် အင်တာနက် ဖြတ်တောက်ခံထားသဖြင့် အလွန်စိုးရိမ်မိကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောဆိုသည်။

“အထူးသဖြင့် ကျွန်တော်တို့ရခိုင်ပြည်က ပိုပြီးတော့ဆင်းရဲတယ်။ အဲဒီထဲမှာ တခါတိုက်ပွဲကလည်း ဖြစ်နေတယ်။ ရခိုင်ပြည်နယ် မြို့နယ် တော်တော်များများမှာဆိုရင် ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသိ ပညာပေးဖို့၊ သတင်းတွေ ဖလှယ်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှု နည်းလမ်းတွေကို အသိပေးပို့ဖို့ အင်တာနက် မရှိဆိုတော့ အခက်အခဲရှိတယ်။ ပိုပြီးတော့စိုးရိမ်ရတယ် ” ဟု ဦးစံကျော်လှက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၈)ခုတွင် အင်တာနက်လိုင်းကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကတည်းက အပိတ်ခံထားရပြီး ယခုအခါ (၉) လကျော်သွားပြီဖြစ်ကာ လူပေါင်း တစ်သန်းခန့် အင်တာနက် အသုံးပြုခွင့်မရဘဲ ဖြစ်နေကြရသည်။

“ ရခိုင်ဒေသက ဆင်းရဲတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုက နိမ့်ကျနေတယ် ဆိုတော့ ရောဂါကူးစက်မှုတွေ ရှိခဲ့ရင် တခြားနေရာတွေနဲ့ မတူဘူး။ ပိုပြီးစိုးရိမ်ရတယ်။ အထူးသဖြင့် စစ်ဘေးရှောင် စခန်းလိုမျိုးနေရာတွေမှာဆိုရင် စုဝေးနေထိုင် ကြရတဲ့ အတွက် အလွန်စွာ စိုးရိမ်စရာကောင်းပါတယ်” ဟု ဦးစံကျော်လှ က ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ တရုတ်ပြည် အပါအဝင် ထိုင်း၊ မလေးရှားနိုင်ငံများသို့ အလုပ်သွားလုပ်သူများပြီး ယခုအခါ ပြန်လာသူ အများအပြားလည်း ရှိနေကြောင်း၊ ပြန်လာသူများကလည်း ပြည်ပမှ ပြန်လာကြောင်းကို သက်ဆိုင်ရာသို့ အသိပေးရန် လိုအပ်ပြီး အသိမပေးပါက အခြေအနေဆိုးရွားနိုင်ကြောင်း၊ ရခိုင်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအားလည်း ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး အတွက် အသိပညာပေးမှုများကို ပြည်သူများထဲထိ သွားရောက် ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုသည်။

“ ကျွန်တော်တို့ ရခိုင်ပြည်နယ်လွှတ်တော်က ရခိုင်ပြည်နယ်မှာ အင်တာနက် ပြန်လည် ဖွင့်ပေးဖို့ ပြည်နယ်အစိုးရက တစ်ဆင့် ဗဟို အစိုးရကို တိုက်တွန်းတောင်းဆိုထားတာရှိပါတယ်။ သူတို့ကတော့ ခုချိန်ထိ တစ်စုံတစ်ရာဆောင်ရွက်တာမျိုးတော့ မတွေ့ရသေးဘူး” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ရခိုင်မှ စစ်ဘေးရှောင် စခန်းများတွင် လူဦးရေ သောင်းနှင့်ချီ ရှိနေပြီး အများစုမှာ ရောဂါပိုးနှင့် ပတ်သက်ပြီး မသိနားမလည် ကြသဖြင့် အသိပညာပေးမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး အစိုးရမှ ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးမှုမျာ ဆောင်ရွက်နေသော်လည်း ၎င်းအခွင့်အရေးကို စစ်ဖြစ်ပွားနေသည့် ရခိုင်ဒေသခံ ပြည်သူများ မရရှိကြကြောင်း၊ အဓိကမှာ အင်တာနက်ပိတ်ထား၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေများကြောင့် ရခိုင်ဒေသခံ ပြည်သူများအတွက် အလွန်စိုးရိမ်စရာ ဖြစ်နေကြောင်း ပြောကြားသည်။

“အခု ရန်ကုန် အပါအဝင် လောလောဆယ် ၃ ယောက်တွေ့တယ်လို့ သတင်းထုတ်ပြန်ထားတယ်။ ၃ယောက်လုံးက နိုင်ငံခြားက ပြန်လာတဲ့သူတွေ ဖြစ်ကြတယ်။ ဒီလို အခြေအနေ ဖြစ်လာတော့ စိုးရိမ်စရာကောင်းလာတယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ ပိတ်ထားတဲ့ အင်တာနက်ကို ပြန်လည် ဖွင့်ပေးဖို့ ကောင်းပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် ဖြစ်ပွားနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း သုံးသိန်းရှစ်သောင်း ကျော်ရှိနေပြီး သေဆုံးသူ အရေအတွက်မှာလည်း တစ်သောင်းခြောက်ထောင် ကျော်သွားပြီဟု ကမ္ဘာကျန်းမာရေး အဖွဲ့ WHO ၏ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

--------------

Unicode:













Share: