ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးထားသူ ၃ ဦးနှင့် သေဆုံးသူတစ်ဦး၏ အလောင်းကို ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 10k

သန့်မြတ်ခိုင်

စစ်တွေ၊ မတ် ၂၈/၂ဝ၂ဝ

ယနေ့ နေ့လယ် ၁၂ နာရီခန့်က ကျောက်တော်မြို့မ ရဲစခန်းသို့ ဖမ်းဆီးခံထားရသူ ၃ ဦးအား တပ်က လွှဲပြောင်း ပေးခဲ့ပြီး အလောင်း တစ်လောင်းလည်း ဆေးရုံသို့ လာရောက်ပို့ဆောင်ခဲ့သည်ဟု သတင်း ရရှိသည်။

ကျောက်တော်ရဲစခန်းသို့ လွှဲပြောင်းခံရသူများမှာ မာလာကျေးရွာမှ ဦးမဲတုတ်ချေ(၅၈)နှစ်၊ ၄င်း၏ သားဖြစ်သူ သန်းထွန်းမောင်(၃၃)နှစ်နှင့် သာစည်ကျေးရွာမှ ဒေါ်မချေ(၅၆)နှစ် တို့ဖြစ်ကြသည်ဟု ဦးမဲတုတ်ချေ၏ ဇနီးဖြစ်သူ ဒေါ်စောသိန်းနုက နိရဥ္စရာသို့ပြောသည်။

ဆေးရုံသို့ ရောက်ရှိလာသော အလောင်းမှာ ဒက်ဖြူကျေးရွာမှ ဦးသန်းရွှေမောင်(၅၆)နှစ် ဖြစ်ကြောင်း သူမက ပြောသည်။

“ကျမတို့သွားကြည့်ခဲ့တယ်။ ကျွန်မ ယောကျ်ားနဲ့ သား အပါအဝင် အမျိုးသမီး တစ်ဦးကို မြို့မ ရဲစခန်း အချုပ်ခန်းမှာတွေ့ခဲ့ပါတယ်။ မလွတ်သေးဘူး။ လက်တွေမှာဒဏ်ရာတွေကို မြင်ရတယ်။ ကျမတို့က အပြင်က သူတို့ကိုအချုပ်ခန်းထဲမှာထည့်ထားတော့ ခန္ဓာကိုတပိုင်းပဲ မြင်ရပါတယ်” ဟု သူမက ပြောသည်။

တပ်မတော်က ကားနှစ်စီးနှင့် ကျောက်တော်မြို့မရဲစခန်းသို့ ယနေ့ နေ့လယ်ပိုင်းက လာရောက် ပို့ဆောင်ခဲ့ကြောင်း ဒေါ်စောသိန်းနုက ဆက်ပြောသည်။

ဒေါ်စောသိန်းနုက“ အသေပါလာတဲ့ဒက်ဖြူရွာက ဦးသန်းရွှေမောင်အလောင်းကိုတော့ ကျောက်တော်မြို့ ပြည်သူ့ဆေးရုံထားပါတယ်။ အရှင်ပါလာတဲ့လူ ၃ ယောက်ကို ရဲစခန်းက အချုပ်ခန်းမှာ ထားပါတယ်။ ကျွန်မသားတို့ကို ဖမ်းတဲ့ တပ်က ၅၅ ကလို့ ဒက်ဖြူရွာက အတိအကျ မြင်ခဲ့တဲ့ မျက်မြင်က ပြောပါတယ်” ဟု ပြောသည်။

ဒဏ်ရာများဖြင့် ကျောက်တော်ရဲစခန်းသို့ ရောက်ရှိနေသည့် သူမ၏ခင်ပွန်းနှင့် သားဖြစ်သူကိုရဲစခန်းက ဆေးကုသပေးမည်ဟု ပြောဆိုလိုက်ကြောင်း၊ ရဲစခန်းက မစိုးရိမ်ရန် မှာကြားလိုက်ကြောင်း၊ ထိုသို့မှာကြား လိုက်သော်လည်း ၄င်းတို့ကို မိမိတို့ဖာသာမိမိတို့ ဆေးကုသပေးချင်ကြောင်း ဒေါ်စောသိန်းနုကပြောသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ အဖွဲ့မှ ဘုတ်အဖွဲ့အဝင်တစ်ဦးဖြစ်သူ ကာကွယ်ရေးတာဝန်ခံ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက “ ဒီလိုပါ။ ကျေးရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ မနေ့က ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ကို မိသားစုတွေက လာရောက်တိုင်တန်းခဲ့ပါတယ်။ ဒီတိုင်တန်းပြီးနောက်ပိုင်း ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က စစ်တပ်ကနေပြီးတော့ ကျောက်တော်မြို့မရဲစခန်းကို ကားနှစ်စီးနဲ့ လာပို့ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်” ဟု ဦးဇော်ဇော်မင်းက ပြောသည်။

၄င်းပြင်သူက“ဖမ်းဆီးခံရတဲ့လူတွေ ရဲစခန်းကိုပို့တဲ့အချိန်မှာ သေတဲ့လူတွေပါသလို ဒဏ်ရာရတဲ့ လူတွေလည်း ပါတယ်လို့သိရပါတယ်။ အဲဒီအထဲမှာ ဒေါ်မချေဆိုတဲ့အမျိုးသမီးတစ်ဦးလည်းပါတယ်။ သူက စိတ်မနှံ့သလိုဖြစ်နေတာပေါ့နော်။ အကြောက်လွန်ပြီးတော့ အဲလို ဖြစ်နေပါတယ်။ အဲဒီဟာကို ကျနော်တို့ ကျန်းမာရေးအရ ဆေးကုသခွင့် ရရှိဖို့ အစိုးရနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကို တိုက်တွန်း သွားပါမယ် ခင်ဗျာ” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တစ်စုံတရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

အလားတူ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးရေးမှူး ဦးကျော်ဝင်းထံသို့ ဖုန်းဖြင့် ဆက်သွယ် ခဲ့ရာတွင်လည်း တစ်စုံတစ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ကျောက်တော်မြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်(ခေါ်) ဦးမောင်မောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ယနေ့ နံနက် ၁၁ နာရီခန့်က သားဖနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုအား တပ်ကနေလာအပ်သွားသည်ကို ကျောက်တော်ရဲစခန်းမှ သိရကြောင်း ပြောသည်။

“၂၂ ရက်နေ့ကဖမ်းသွားတာ။ ၂၂ ရက်ဆိုတော့ ဒီနေ့ ၂၈ ရက်ပေါ့။ အဲဒီ ၂၂ ရက်နဲ့ ၂၈ ရက်ကြားမှာပေါ့ အဆက်အသွယ်က ဘာမှမရဘူး။ မိသားစု ဆွေမျိုး တွေကလည်း အဆက်အသွယ်လုပ်လို့မရဘူး။ ကျနော်တို့လည်း စုံစမ်းကြည့်တယ် စုံစမ်းလို့မရဘူး။ အဆက်အသွယ်လုပ်ဖို့ကြိုးစားတယ်မရဘူး။ ဒါပေမယ့် ဒီနေ့မနက် ၁၁ နာရီလောက်မှာတော့ ရဲစခန်းကို သားဖနှစ်ယောက်နဲ့ အမျိုးသမီးတစ်ဦးကိုတော့ တပ်ကနေ လာအပ်တယ်လို့ပြောတယ်။ ကျန်တဲ့ ဒက်ဖြူရွာကတစ်ယောက်က သေတယ်လို့ပြောတယ်ဗျ။ ရဲစခန်းကိုရောက်တဲ့အခါမှာတော့ ဒက်ဖြူရွာကတစ်ယောက်မပါဘူး။ ကျနော်က စခန်းမှူးကိုမေးကြည့်လိုက်တဲ့အခါမှာတော့ ဒက်ဖြူရွာက တစ်ယောက်က သေတယ်လို့ပြောတယ်” ဟု ဦးမောင်သန်းစိန်(ခေါ်) ဦးမောင်မောင်က ပြောသည်။

သေသွားသည့်အလောင်းအား သက်ဆိုင်သည့် ဌာနများမှ လိုအပ်သည့်အချက်အလက်များအား စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ ၄င်းအလောင်းမှာ မည်သည့်နေရာတွင်ထားရှိသည်ကို တိတိကျကျပြောရန် ခက်ခဲကြောင်း၊ ကျန်းမာရေးဌာနနှင့် ရဲဌာနကသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားထားသည်ဟု ဦးမောင်သန်းစိန်(ခေါ်) ဦးမောင်မောင်က ပြောသည်။

ကျောက်တော် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် ဦးမဲတုတ်ချေတို့ သားအဖနှစ်ဦးသည် ဒက်ဖြူကျေးရွာမှ ဦးသန်းရွှေမောင်နှင့် အတူ မာလာကျေးရွာတွင် ၄င်းတို့ နေအိမ်တွင်ကျန်ခဲ့သည့် အဝတ်အစား၊ ကြက်၊ ငှက်များအား မတ်လ ၂၂ ရက်နေ့က ယူဆောင်ရန်သွားစဉ် စစ်တပ်က ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု မိသားစုများက ပြောသည်။

----------------

Unicode:



















ဆက်စပ် သတင်းများ