Preview

မင်းပြားမြို့နယ် ဖားပြိုရွာတွင် နေအိမ် ၁၂ လုံး မီးရှို့ခံ၇၊ အသက် ၈၄ နှစ်အရွယ် မသန်စွမ်းအဖွားအိုတစ်ဦးနှင့် ရွာသားတစ်ဦး အသက်ဆုံးရှုံး

မတ် ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :1248
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၃၀/ ၂၀၂၀

ယမန်နေ့  မတ်လ ၂၉ ရက်  ည ၁၀ နာရီခန့်က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာ မီးရှို့ခံ၇သဖြင့်  စာသင်ကျောင်းဆောင် တစ်ခု အပါအဝင် လူနေအိမ် ၁၂ လုံး မီးလောင်ပြီး မသန်စွမ်းသူ အသက် ၈၄ နှစ်အရွယ် အဖွားအို တစ်ဦးနှင့် အသက် (၅၀) အရွယ်ရွာသားတစ်ဦးတို့ သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူ အသက်(၈၄) နှစ်အရွယ် အဖွားအိုမှာ ဒေါ်ကြာညိုဖြူ ဖြစ်ပြီး အသက် ၅၀ အရွယ် အမျိုးသားမှာ ဦးအောင်ထွန်းသာ (၅၀)နှစ်ဖြစ်သည်။

သေဆုံးသူ ဒေါ်ကြာညိုဖြူ၏ သမက်ဖြစ်သူက “ ကျွန်တော်က ကိုယ့်အိမ်အောက်မှာ အိပ်နေပါတယ်။ သူတို့ စစ်သားတွေ သေနတ်တွေ ပစ်ပြီး ဝင်လာပါတယ်။ ကျွန်တော်က ထလို့ မရတော့ အိမ်အောက်မှာ ဝပ်နေပါတယ်။ သူတို့ မေဘုတို့ အိမ်ကို စတင် မီးရှို့ပါတယ်။ မီးတိုက်ပေမယ့် ကျွန်တော်က မထဝံ့ဘူး။ နောက်မီးရှိန် မြင့်လာတော့ သူတို့ အိမ်ခြံထဲကနေ ခြံပြင်ကို ထွက်သွားကြတယ်။ အဲဒီမှ ကျွန်တော်က ထွက်ပြေးဖို့ ရတယ်။ ကျွန်တော်ရဲ့ ယောက္ခမ ဖြစ်သူကို ကျွန်တော် မယူနိုင်ခဲ့ဘူး။ အခု မီးထဲမှာ ပါသွားပါပြီ။ ဘယ်လို လုပ်ကြပါမလဲ” ဟု ပြောဆိုသည်။

သေဆုံးသူ ဦးအောင်ထွန်းသာမှာ မီးလောင်နေသည်ဟု ဆိုကာ အိပ်ရာမှာ ထကာ မီးသတ်ရန်လာစဉ် သတ်ဖြတ်ခံခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

မီးတိုက်ခံရသော အိမ်များမှာ ရွာဘုန်းတော်ကြီးကျောင်း၏ နောက်ဘက်ရှိ နေအိမ်များဖြစ်ကြပြီး စာသင်ကျောင်းမှာ ဘုန်းကြီးကျောင်း လမ်းအဝင်၀တွင် ဆောက်ထားသည့် Plan အန်ဂျီအိုက ကူညီထားသည့် ကျောင်းဆောင်ဟု ဆိုသည်။

မီးရှို့ခံခဲ့၇သော အိမ်များမှာ (၁) မေဘု(၂) ကျော်ဘုယေ(၃) အောင်သိန်းထွန်း (၄) ဒေါ်ကြာညိုဖြူ (၅) ထွန်းစောသိန်း(၆) ဒေါ်မိုးစိန်ဖြူ (၇) ဒေါ်ဦးသန်းခင် (၈) ဦးသန်းရွှေမောင် (၉) ဦးကုလားချေ၊ (၁၀) ဒေါ်မဲမကြီး၊ ဦးဘအောင် နေအိမ်နှင့် မူလွန်ကျောင်း တစ်ကျောင်းတို့ ဖြစ်ကြသည်။

မီးရှို့ရာမှ အသက်မသေဘဲ ထွက်ပြေးလာသူ ဒေါ်မအေးညွှန့်က “အဖွားက အသက် ၆၆ နှစ်ပါ။ သမီးအိမ်မှာ အစောင့်ကျန်ခဲ့တာပါ။ အဖွားရေနွေးသောက်နေတဲ့အချိန်မှာ ရွာထဲကို စစ်သား တွေဝင်လာပြီး  သေနတ်တွေနဲ့ လျှောက်ပစ်တယ်။ အဖွားအိမ်အစွန်းကို မီးခြစ်နဲ့ မီးစွဲတယ်။ အဖွားလည်းမအော်ရဲဘူး။ ကြောက်လို့။ ထိုင်ကြည့်နေတယ်။နောက် ခြံစည်းရိုးကို ခြေထောက်နဲ့ကန်ပြီး ထွက်ပြေးလာတာပါ။ အဖွားတို့ပြေးလာတဲ့အချိန်မှာ အိမ် ၂ ဆောင်လောင်ကျန်ခဲ့ပြီ။ မသန်စွမ်းတဲ့ တစ်ယောက်ကျန်နေခဲ့တယ်။ အခုဆိုရင်မီးထဲပါသွားလောက်ပြီ။ ကိုယ့်အိမ်ကို ကိုယ့်ရှေ့မှာမီးရှို့တာ အရမ်းခံစားရတာပေါ့ကွယ်”ဟု ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ဖားပြိုကျေးရွာ မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း ပထမတွင် ပစ်ခတ်သံများကြားရကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမျိုးလည်း မရှိကြောင်း အတည်ပြုပြောကြားသည်။

“မီးလောင်နေတာမင်းပြားကမြင်နေရတယ်။ သေနတ်သံတွေလည်းကြားလို်က်တယ်။ ရွာသားတွေနဲ့ ဖုန်း၇တယ်။ သူတို့ စစ်သား ၂၀ကျော် လောက်ဝင်လာပြီး  မီးခြစ်တွေနဲ့မီးညှိ့ပြီး ရှို့တာလို့ သိရတယ်။ လက်နက်ကြီးထိလို့လောင်တာမဟုတ်ဘူး။ လက်နက်ကြီတွေလည်းပစ်သံကြားတယ်။ ရွာအစောင့် ကျန်ခဲ့တဲ့လူတွေ ထွက်ပြေးလာတယ်လို့သိရတယ်” ဟု ဦးလှအောင်ညွှန့်က ပြောသည်။

ရာမောင်တံတားအရှေ့ဖက်ဇက်ဆိပ်တွင်ခိုလှုံနေသူအမည်မဖော်လိုသည့်  ဖားပြိုရွာသားတစ်ဦးက
“ရွာမီးလောင်နေပါတယ်။ ရွာက အဖွားကြီးတွေအဖိုးကြီးတွေနဲ့ သူတို့ကို စောင့်ပြီးနေကျန်ခဲ့တဲ့ သားသမီး ၂၀ လောက် ခြေကျင် ထွက်ပြေးလာကြပါတယ်။ ရွာမီးလောင်နေတာကို ဒီနားကနေမြင်နေရပါတယ်။ အခု သူတို့ကို မင်းပြားကိုပို့ဖို့လည်း အချိန်မရှိတော့ဘူး။ ကြောက်လည်းတော်ကြောက်နေကြတယ်။ သူတို့အခု ဇက်ဆိပ်မှာဒီတိုင်းကျွန်တော်နဲ့ရှိနေပါတယ်။ ရာမောင်တံတားထိပ်က တပ်သားတွေပါ”ဟု ၄င်းက ပြောသည်။

ဖားပြို ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက “ အခု ကျွန်တော်မင်းပြားမြို့ ထွေအုပ်ရုံးကို ရောက်နေပါတယ်။ အခု ဒီဖြစ်စဉ်ကို တင်ပြနေပါတယ်။ မီးလောင်သွားတာက ကျောင်းတစ်ဆောင်နဲ့ ပါဆိုရင် ၁၂ ဆောင်မီးလောင်သွားပါတယ်။ သေဆုံးသွားသူ နှစ်ဦးကို သင်္ဂြိုလ်ဖို့အတွက်လည်း တင်ပြ နေပါတယ်။ စစ်သားတွေ ဝင်ရောက်မီးရှို့တာကို အတည်ပြုနိုင်ပါတယ်။ ဘာကြောင့် မီးရှို့တယ် ဆိုတာတော့ ကျွန်တော်လည်း မသိပါ” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အားဆက်သွယ်ရာ ဆက်သွယ်မှု မရ ရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဖားပြိုရွာသည် မင်းပြား ရာမောင်တံတားအနီးတွင် တည်ရှိပြီး အိမ်ခြေ ၂၈၀ ရှိကာ ယခုအခါ ရွာသားများ အားလုံးမှာ ရွာကနေ ထွက်ပြေးသွားကြပြီး စစ်တပ်က ဝင်ရောက် နေရာယူထားသည်ဟု ရွာသားများက ပြောဆိုသည်။

--------------------------------

Unicode:


နိရဉ်စရာ ၊ မတျ ၃၀/ ၂၀၂၀

















#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.