သံတွဲဆေးရုံတွင် ဂျာမဏီနိုင်ငံသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် စောင့်ကြည့်ထား


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မတ် ၃ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဂျာမဏီနိုင်ငံသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ အဖြစ်ဖြင့် ခရိုင်ပြည်သူ့ ဆေးရုံတွင် စောင့်ကြည့်ထားရသည်ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသဇင်ခိုင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။

"သူကတော့ ဝမ်းလျှောလို့ လာပြတာဆေးရုံကိုလေ။ သံသယလူနာပါ "ဟု ဒေါက်တာ သဇင်ခိုင်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယရှိသူအဖြစ် စောင့်ကြည့်ခံထားရသည့် ၁၉ နှစ်အရွယ် ဂျာမဏီနိုင်ငံသား အမျိုးသားဖြစ်ပြီး ၎င်းသည် ဝမ်းလျှောကာ ဖျားသည့်အတွက် ယမန်နေ့ မတ်လ ၂၉ ရက်နေ့၊ ညနေ ၈ နာရီခန့်တွင် သံတွဲခရိုင်ပြည်သူ့ဆေးရုံသို့လာရောက်ပြသရာမှ သံသယရှိသူအဖြစ် စောင့်ကြည့်ထားရခြင်း ဖြစ်သည်ဟု ဆိုသည်။

"အခု လူနာအခြေအနေကတော့ ကောင်းပါတယ်။ ဒီနေ့ NHR ကို အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကို ပို့ဖို့လုပ်ထားပါတယ်"ဟု ဒေါက်တာသဇင်ခိုင်က ဆက်ပြောသည်။

အဆိုပါဂျာမဏီနိုင်ငံသားသည် မတ်လ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ မြပြင် ရပ်ကွက်ရှိ Laguna Lodge တွင်တည်းနေသူဖြစ်သည်။

ငပလီတွင် လက်ရှိအချိန်ထိ နိုင်ငံခြားသားဧည့်သည်များနှင့် ပြည်တွင်းဧည့်သည်များ ရှိနေသေးသည့် အတွက် ဒေသအာဏာပိုင်များက စနစ်တကျစိစစ်ကာ တားမြစ်ကန့်သတ်မှုများပြုလုပ်သင့်သည်ဟုလည်း ဒေသခံများက ပြောသည်။

"ငပလီဆိုတာက ဧည့်သည်တွေ အလုံးအရင်းဝင်တဲ့၊ နိုင်ငံခြားသား အလုံးအရင်းဝင်တဲ့နေရာတွေ၊ အဲဒီတော့ ဘာပဲပြောပြော ဒီဟာတွေကို တကယ်စိစစ်ရမယ်။ စိစစ်ပြီးတော့ ကန့်သတ်တာကို ကန့်သတ်ရမယ်။ မနက်ကဆိုလို့ရှိရင် အဲဒီ Laguna Lodge နားကို ရောက်ခဲ့သေးတယ်။ ရောက်တဲ့ အချိန်မှာ ကျန်းမာရေးဌာနတွေဘာတွေ မလာသေးဘူး။ လာတာမတွေ့သေးဘူး။ ဘာလို့ဆိုတော့ အဲဒါက ရပ်နဲ့ရွာနဲ့ နီးတယ်။ ကျနော်တို့ဒေသခံတွေက အရမ်းစိုးရိမ်တယ်"ဟု ငပလီမြို့ခံ ကိုနီထွန်းအောင်က ပြောသည်။

သံတွဲ၊ ငပလီနှင့် ဂွကမ်းခြေများရှိ ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များအားလုံးကို ပိတ်သိမ်းရန် ဒေသတွင်းရှိ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက မတ်လ ၂၈ ရက်နေ့တွင် ငပလီကမ်းခြေရှိ Amazing Hotel ၌ပြုလုပ်ခဲ့သော အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မတ်လ ၂၉ ရက်နေ့၊ ည ၁ဝ နာရီခွဲအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့သူ ၁ဝ ဦးအထိ ရှိလာနေပြီး ယင်းအထဲတွင် နိုင်ငံခြားမှပြန်လာသူ ၈ ဦးနှင့် မြန်မာပြည်တွင်းတွင်နေထိုင်သူ နှစ်ဦးပါဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

--------------------------

Unicode:













Share: