သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၃၀/၂၀၂၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင်၊ မိုင်းဆွဲတိုက်ခိုက်ခံ၇မှုကြောင့် ဒိုင်းနက်(ခေါ်) သက္ကမလူမျိုး ၂ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးနေသူနှစ်ဦးမှာ အောင်သပြေကျေးရွာမှ ရွှေသိန်းမောင်နှင့် ခမောင်းဆိပ်ရွာမှ ဦးမောင်မဲ တို့ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦး၏ အလောင်းကို ယနေ့ ညနေ ၃ နာရီက မိုင်းပေါက်ကွဲရာ အနီးမှ တွေ့ရှိခဲ့သည်ဟု ပြောဆိုသည်။
ဒဏ်ရာရရှိသွားသူ သုံးဦးမှာ မင်္ဂလာညွန့်စံပြကျေးရွာမှ ဦးစံအောင်ဖြူ၊ ခမောင်းဆိပ်မှ ဦးဂူလာအောင်နှင့် ဦးမောင်ရွှေတို့ ဖြစ်ကြပြီး ဒေသခံကျေးရွာသားများက ပြောသည်။
၎င်းတို့ အပါအဝင် ရွာသား ၁၂ ဦးတို့သည် ယနေ့ နံနက် ၈ နာရီခန့်က ၄င်းတို့ ထောင်ထားသည့် ဝက်ကိုင်းအား ကြည့်ရှုရန်သွားကြစဉ် ခမောင်းဆိပ်မှ နယ်မြေ(၂) အောင်ဇူဘက်သို့ သွားသည့် ကားလမ်း ပေါ်ရှိ အဏ္ဏဝါဗလီ အနီးအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထွက်ပြေး လွတ်မြောက် လာသူ ဦးစိန်ဖိုးစိန်က နိရဥ္စရာသို့ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူ ဦးစိန်ဖိုးစိန်က “ကျနော်တို့မှာ တောထဲမှာ ဝက်ကိုင်းထောင်ထားတာရှိတယ်။ အဲဒီဝက်ကိုင်းကို ကြည့်ဖို့ သွားတာပါ ဆိုင်ကယ်နဲ့။ အဲဒီ အဏ္ဏဝါဗလီအနားအရောက်မှာ ဆိုင်ကယ်တွေကို တနေရာမှာရပ်ထားပြီး လမ်းလျှောက်ကြတယ်။ ပေ ၁၀၀ ကျော်လောက်ခြေလျှင်လျှောက်လို့ တံတားငယ် တစ်ခုနားအရောက်မှာ မိုင်းဆွဲခံရတယ်။ သေနတ်နဲ့တွေနဲ့လည်းအပစ်ခံ၇တယ် ” ဟု ပြောသည်။
ဆိုင်ကယ် ၄ စီးဖြင့် လူ ၁၂ ဦး သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ မိုင်းခွဲတိုက်ခိုက်ခံ၇ချိန်တွင် ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦးပျောက်ဆုံးနေကာ ကျန် ၇ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ယနေ့ည ၃ နာရီ အချိန်တွင် ပျောက်ဆုံးနေသူ ၂ ဦး၏ အလောင်းအား မိုင်းပေါက်ကွဲသည့်နေရာတွင် တွေ့ရှိခဲ့ကြောင်း ဆိုင်ကယ်များမှာလည်း အားလုံးမီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်း ဦးစိန်ဖိုးစိန်က ပြောသည်။
ထိုမိုင်းဖောက်ခွဲတိုက်ခိုက်ခံရသည့် အနီးသို့ တပ်မတော်စစ်ကြောင်းက သွားရောက်ရှာဖွေခဲ့ရာ ယနေ့ ညနေ ၃ နာရီမိနစ် ၄၀ခန့်၌ ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ခမောင်းဆိပ်မှ ရွာလူကြီး တစ်ဦးဖြစ်သူ ဦးဘမောင်က ပြောသည်။
“ပျောက်နေတဲ့လူကို တပ်ကသွားရှာတော့ မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာအနီးမှာ တွေ့လို့ ကျနော်တို့ကို သတင်းပို့လို့ ကျနော်တို့က သွားယူတာပါ။ ဒဏ်ရာနဲ့သေဆုံးသူ တစ်ယောက်တွေ့ တယ်။ နောက်တစ်ယောက်က ခြေတစ်ဖက်နဲ့ ဝမ်းဗိုက်က အူတွေကိုပဲတွေ့၇တယ်။ နှစ်ယောက်လုံး အသေတွေ့ပါတယ် ” ဟု ၄င်းက ပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခံခဲ့ရကြောင်း၊ လက်နက်ငယ် များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရကြောင်း၊ အမည်သည့်အဖွဲ့အစည်းဆိုသည်ကို မသိ၇ကြောင်း၊ စကားပြောခြင်းမှာ ဘင်္ဂလီ စကား များသာပြောဆိုကြောင်း ၄င်းက ဆက်ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အား မေးမြန်းတင်ပြနိုင်ရန် အတွက် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၁၂ ဦး တောဝက် သွားဖမ်းသည့်အချိန် လမ်းတွင်မိုင်းကွဲပြီး သေနတ်ဖြင့်လည်း အပစ်ခံခဲ့၇ကြောင်း ၄င်းက အတည်ပြု ပြောကြားသည်။
“ARSA ဖြစ်ဖို့များပါတယ်။ အဲဒီဘက်က ARSA တော့ လှုပ်ရှားတယ်။ အဲဒီဘက်မှာ ARSA ပေါ်နေတာ ကြာပြီဗျ။ သူတို့တောထဲတွေ ဘာတွေလာတဲ့အချိန် သူတို့ကိုမြင်မှာစိုးလို့ဘဲ တိုင်းရင်းသားတွေကို ပစ်သတ်သလားတော့မသိဘူး။ တပ်ကတော့ လိုက်ရှင်းနေပြီပေါ့။ တပ်ကတော့ ဖြစ်တဲ့ဟာနဲ့ သူ့လမ်းကြောင်းအတိုင်း လိုက်တော့ ရှင်းနေတာပေါ့ဗျာ” ဟု ဦးစိုးအောင်က ပြောသည်။
မိုင်းဆွဲပစ်ခတ်ခံခဲ့ရမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသူများအား ခမောင်းဆိပ် ဗျူဟာကုန်းတွင် ဆေးကုသမှုခံယူပြီး နံနက် ၁၀ နာရီ ၄၀ ခန့်တွင် မောင်တောပြည်သူ့ဆေးရုံကြီးသို့ယူဆောင်ခဲ့ရကြောင်း သိ၇သည်။
----------------------------------
Unicode: