သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် ဧပြီလအတွင်း ထိခိုက်သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာ ၇၃ ဦးရရှိခဲ့ပြီး ၃၁ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

မာန်ယုကျော်၊ ချစ်အိလှိုင်၊ ဆောင်းဇာခြည်

စစ်တွေ၊ မေ ၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ဧပြီလ တစ်လအတွင်း သေနတ်ကျည်ဆံအပါအဝင် မိုင်းပေါက်ကွဲ၍ ထိခိုက်သေဆုံးသူ လူပေါင်း ၃၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၇၃ ဦးရှိကာ ရဲတပ်သားတစ်ဦးအပါအဝင် ၃၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိရဥ္စရာ သတင်းဌာနက ပြုစုထားသည့် စာရင်းအရ သိရသည်။

ယခုစာရင်းမှာ ဧပြီ ၁ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ပြုစုထားသည့်စာရင်းဖြစ်သည်။

ဧပြီ ၁ ရက်နေ့တွင် ကျောက်တော်မြို့ပေါ်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အတွက် ဒေသခံ (၅)ဦးသေဆုံးကာ (၈)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ (၅)ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးမောင်အေးကျော်(၅၈ နှစ်)၊ ဒေါ်ကုလားမစိန်(၆၂ နှစ်)၊ ပိုက်သည်ရပ်ကွက်မှ မူဆလင်နှစ်ဦး၊ ရွာမပြင်ကျေးရွာမှ ဦးမောင်ကြာ(၇၂ နှစ်)၊ ပိန္နဲချောင်းကျေးရွာမှ ဒေါ်မမြထွီး (၅၄ နှစ်)နှင့် သမီးဖြစ်သူ မဖြူဖြူထွေး/အေး (၁၄နှစ်)တို့ ဖြစ်သည်။

ယင်းအပြင် ဒေသခံ (၈)ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် တပ်မတော်နေဗီက လက်နက်ကြီးများ ပစ်ခတ်စဉ် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောကြသည်။ တပ်မတော်ကမူ ၄င်းတို့လက်ချက် မဟုတ်ဟု ငြင်းဆိုထားသည်။

ဧပြီ ၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၌ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ တပ်ကြပ်တစ်ဦး၏ဇနီးဖြစ်သူ ဒေါ်ဖြူသိန်းချေ(ခေါ်)ဒေါ်မသန်းဝင်း(၂၂ နှစ်)ဖြစ်ပြီး သူသည် ဘူးသီးတောင်မြို့အရှေ့ဘက်ရှိ တပ်မ ၅၅၁ သို့ ယောကျ်ားဖြစ်သူ၏လစာကို ထုတ်ရန်သွားခဲ့ပြီးနောက် ထိုတပ်ဝင်းထဲတွင် ကျည်ဆံထိမှန်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ဧပြီ ၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းနယ်နှင့် ကျောက်တော်မြို့ပေါ်တို့တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာအနီးသို့ ယင်းနေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်သောကြောင့် ကျေးရွာအပြင်ဘက် လယ်ကွင်းတွင် နွားကျောင်းရန်သွားသည့် ဦးစောနိုင်ဝင်း(၃၅ နှစ်)၏ ဘယ်ဘက်ပခုံးတွင် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူများမှာ ပိုက်သည်ရပ်ကွက်မှ ဦးလှအောင်သာ(၆၇ နှစ်)၊ ဦးအောင်ကျော်ညွန့် (၃၅ နှစ်)နှင့် ပိန္နဲချောင်းကျေးရွာမှ မသီတာထွေး (၂၂ နှစ်)တို့ ဖြစ်သည်။

ဒဏ်ရာရရှိသူများအနက် ဦးလှအောင်သာတွင် လက်နှင့်ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားပြီး ဦးအောင်ကျော်ညွန့်တွင် လက်ကောက်ဝတ်၌ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ အလားတူ မသီတာထွေးတွင် နောက်ကျော၌ ဒဏ်ရာရရှိသွားခဲ့သည်။

ဧပြီ ၅ ရက်နေ့တွင် ရသေ့တောင်မြို့နယ် ငစံဘော်(ခ)မုဆိုးချောင်းကျေးရွာအနီး၌ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ ငစံဘော်(ခ)မုဆိုးချောင်းကျေးရွာမှ ဦးသိန်းမောင် (၅၇ နှစ်)ဖြစ်သည်။

သူသည် ယင်းနေ့ညနေပိုင်းက ရွာနှင့် ၆ ဖာလုံအကွာရှိ တောင်တန်းအနီးသို့ ကျွဲရှာရန်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဦးသိန်းမောင်၏ညာဖက်ခြေနှင့် ညာဖက်လက်ဖျားများ ပြတ်သွားပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၆ ရက်နေ့တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာအနီး ဒါးလက်ချောင်းတွင် သေနတ် ပစ်ခံရသောကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသွားသူမှာ ကမ်းထောင်းကြီးမြို့မှ ကိုဆန်းဝင်းထွန်း(အသက် ၂၇ နှစ်) ဖြစ်သည်။

သူသည် ယင်းနေ့ညနေ ၄ နာရီကျော်ခန့်က ရန်ကုန်မှလာသည့် ခရီးသည်များကို တင်ဆောင်ရန် ကဇုကိုင်း ကျေးရွာသို့ စက်လှေဖြင့်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ကိုဆန်းဝင်းထွန်း၏ ဘယ်ဖက်ပေါင်တွင် ကျည်ထိမှန်သွားခဲ့သည်။

ဧပြီ ၇ ရက်နေ့တွင် ကျောက်တော်မြို့၌ လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လူငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသွားသူမှာ ကျောက်တော်မြို့မှ ဦးသန်းမောင်၏သား မောင်ညီအောင်ခမ်း (၁၇ နှစ်)ဖြစ်သည်။

သူသည် ယင်းနေ့ ညနေ ၇ နာရီကျော်အချိန်တွင် နေအိမ်ရှေ့ထိုင်နေစဉ် လက်နက်ငယ်များ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် သူ၏ ကျောကုန်းအောက်တွင် ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၈ ရက်နေ့တွင် အမ်းမြို့နယ် ဆင်ဦးတိုက်ကျေးရွာ၌ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာ ရရှိသွားသူများမှာ အမ်းမြို့နယ်၊ ဆင်ဦးတိုက်ကျေးရွာမှ မောင်နုဝေ အသက်(၁၈)နှစ်၊ ဦးသောင်းလှရွှေ (၃ဝ နှစ်)၊ ဦးစံသိန်းထွန်း (၃၇ နှစ်)နှင့် ဒေါ်လှလှနွယ် (၃၂ နှစ်)တို့ဖြစ်သည်။

ယင်းနေ့ ည ၈ နာရီခန့်က ဆင်ဦးတိုက်ရွာနှင့် သုံးမိုင်ခန့်ဝေးကွာသည့် စွိချောင်းကျေးရွာအနီးတွင် ပစ်ခတ်သံ(၁)နာရီခန့်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဆင်ဦးတိုက်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် မောင်နုဝေတွင် ဘယ်ဖက်မျက်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး နှာတံရိုးလည်း ကျိုးသွားခဲ့သလို ဦးသောင်းလှရွှေတွင် ဘယ်ဖက်ခြေ၌ ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ဦးစံသိန်းထွန်းတွင် ဦးခေါင်း၌ဒဏ်ရာရရှိသွားပြီး ဒေါ်လှလှနွယ်တွင် ညာဖက်ရင်ဘတ်၌ ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဧပြီ ၁ဝ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီး ပေါက်ကွဲမှုတစ်ခုဖြစ်၍ ဒေသခံ နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသွားသူများမှာ ဝေသာလီကျေးရွာမှ ဦးဦးမောင်ချေ (၅၂ နှစ်)နှင့် မောင်ဇော်လင်းဌေး (၁၄ နှစ်)တို့ဖြစ်သည်။

ဦးဦးမောင်ချေမှာ ညနေ ၅ နာရီခန့်က ကျေးရွာအနီးရှိ ယာခင်းသို့သွားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ကျည်စထိမှန်ကာ ယခုကဲ့သို့ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဦးဦးမောင်ချေတွင် ညာဘက်နံဘေး၌ ဒဏ်ရာရရှိသွားကာ မောင်ဇော်လင်းဌေး ၁၄ နှစ်တွင်လည်း ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက် ညာဖက်ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရသည်ဟု သိရသည်။

ဧပြီ ၁၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းမဲကျေးရွာအနီးတွင် လက်နက်ကြီး ပေါက်ကွဲသံများ ကြားရသည့် အတွက် နှလုံးရောဂါအခံရှိသည့်ဒေသခံတစ်ဦး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ ဂဏန်းမဲကျေးရွာမှ ဦးမောင်သာကျော်(၅၅ နှစ်)ဖြစ်သည်။

သူသည် ယင်းနေ့ ညနေ ၇ နာရီခန့်က ကျေးရွာ၏အနောက်ဘက် တောင်ကြားတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီ ၁၂ ရက်တွင် အမ်းမြို့နယ်၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အမ်းမြို့နယ် ဒလက်ချောင်းထဲရှိ အလယ်ကျွန်းကျေးရွာထဲ ယင်းနေ့ည ၉ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယခုကဲ့သို့သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၈ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။

သေဆုံးသွားသူ ၈ ဦးမှာ မောင်အောင်နိုင်ဆန်း (၁၅ နှစ်)၊ မောင်သန်းဌေးနိုင် (၁၅ နှစ်)၊ မောင်ဌေးဝင်း (၁၆ နှစ်)၊ ကိုမောင်မောင်ချေ (၂၃ နှစ်)၊ ကိုမောင်လှချေ (၂၆ နှစ်)၊ မသန်းသန်းစိုး (၂၄ နှစ်)၊ ကိုနီထွန်း (၂၅ နှစ်)နှင့် ကိုကျော်မျိုးဦး (၂၂ နှစ်)တို့ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီးရှိ ရန်ကုန် - စစ်တွေကားလမ်းမပေါ်သို့ ယင်းနေ့ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ တပ်မ ၅၅ဝ က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များကြောင့် ဖြစ်ပွားခြင်းဟု ဒေသခံများနှင့် သေဆုံး/ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များက ပြောသည်။ တပ်မတော်ကမူ ယင်းနေ့က ကျောက်ဆိပ်ကျေးရွာအနီး ပစ်ခတ်မှုမရှိခဲ့ဟု ထုတ်ပြန်ထားသည်။

"အဲဒီလက်နက်ကြီးကျည်က ၅၅ဝ ကလာတာပါ။ ဒီလိုဆို ကျနော်တို့ ဘယ်လို နေလို့ရတော့မလဲ။ ဒီလိုပဲ ဟိုက ရမ်းပစ်၊ ဒီက ရမ်းပစ်ဆို ကျနော်တို့လည်း အားလုံး ဒုက္ခရောက်မယ်လေ"ဟု ဒဏ်ရာရသူ မောင်ကျော်ဆန်း၏ ဖခင် ဦးမြင့်ဆန်းဦးက ပြောသည်။

ဧပြီ ၁၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ပေါ်၌ ပစ်ခတ်မှုဖြစ်၍ သေနတ်ကျည်ထိမှန်သောကြောင့် ဟိန္ဒူလူမျိုး လူငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးဘာဘူး၏သား မောင်ချစ်စု (၂၄ နှစ်)ဖြစ်သည်။ သေနတ်ကျည်ထိမှန်မှုကြောင့် ၄င်း၏ ခြေမျက်စိနားတွင် ဒဏ်ရရှိသွားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၆ ရက်တွင် ကျောက်တော်မြို့အဝင်တွင် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားသောကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

သေဆုံးသွားသူမှာ မောင်နေတိုးထွန်း (၁၄ နှစ်)ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ မထွန်းပမေ (၁၂ နှစ်)၊ ဒေါ်မတင်ရီ (၅ဝ နှစ်)၊ ဦးလှကျော်ထွန်း (၆ဝ နှစ်)၊ ဦးလှထွန်း(ခ) မောင်ကြီးယေ (၅၂ နှစ်)၊ မောင်ဇင်ကို (၁၉ နှစ်)နှင့် မူဆလင် ၅ ဦး၊ စုစုပေါင်း ၁ဝ ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူများထဲမှ ဦးခေါင်းတွင်ပြင်းထန်ဒဏ်ရာရရှိခဲ့သူ မောင်နေတိုးထွန်းမှာ ယင်းနေ့ည ၁၂ နာရီအချိန်က ကျောက်တော်ဆေးရုံ၌ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ညနေပိုင်းတွင် ကျောက်တော်မြို့အဝင်၌ မောင်ဇင်ကိုအပါအဝင် သုံးဦးသည် ဆိုင်ကယ်ဖြင့် သွားစဉ် ၄င်းတို့အား ကျောက်တော်အဝေးပြေး ကားဂိတ်အတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များကို AA က ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်ရှိ ကစ္ဆပနဒီတံတားချဉ်းကပ်လမ်းအနီး၌ ဝဲဘက်လမ်း ပုခုံးတွင် ထောင်ထားသည့် ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ ရီမုမိုင်းပေါက်ကွဲသည်နှင့်တပြိုင်နက် တံတား၏အနောက်တောင်ဘက် မီတာ ၂ဝဝ ခန့်အကွာရှိ အဝေးပြေးကားဝင်းနေရာမှ နေရာယူထားသည့် AA တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ကျောက်တော်မြို့နယ်၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းသုံးလောင်းအား ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအလောင်းများမှာ မောင်မြတ်သူမောင် (၁၉ နှစ်)၊ ဦးဘိုနိုင်ဝင်း (၃၂ နှစ်)နှင့် ဦးကျော်ကျော်နိုင် (၄၇ နှစ်)တို့ ဖြစ်ကြသည်။

ဦးဘိုနိုင်ဝင်း၏ ရုပ်အလောင်းကို ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာအနီး ကုလားတန်မြစ်ထဲတွင် ဧပြီလ ၁၇ ရက်နေ့ ညအချိန်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဦးကျော်ကျော်နိုင်၏ ရုပ်အလောင်းကို ရှမ်းရွာအနီးရှိ ကုလားတန်မြစ်ကမ်းအနီးတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလားတူ မောင်မြတ်သူမောင်၏ ရုပ်အလောင်းကို ပုဏ္ဏားရွာအနီးတွင် ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်မြတ်သူမောင်၏အလောင်းတွင် နားထင်တွင် သေနတ်ဒဏ်ရာပါရှိပြီး ဦးဘိုနိုင်ဝင်းတွင် ဦးခေါင်း နောက်စေ့ ပွင့်ထွက်ဒဏ်ရာများပါရရှိကြောင်း မိသားစုဝင်များက ပြောသည်။

ကိုကျော်ကျော်နိုင်တွင် နံစောင်း၌ ကျည်ဒဏ်ရာများပါရှိကာ ပါးစပ်ရှိ အထက်သွားများအားလုံး တစ်ချောင်းမှ မကျန်တော့ဟု သိရသည်။

၎င်းတို့သုံးဦးမှာ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ လမ်းမတော် ရပ်ကွက်သို့ နွားနှစ်ကောင်နှင့်အတူသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၄င်းတို့ပျောက်ဆုံးချိန်သည် ယင်းနေ့ညနေပိုင်းက ကျောက်တော်မြို့ပေါ်၌ ပစ်ခတ်မှုဖြစ်ပွားနေချိန်လည်း ဖြစ်သည်။

ဧပြီ ၂ဝ ရက်နေ့တွင် မင်းပြားမြို့နယ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခံရမှုကြောင့် ၂ ဦးသေဆုံးပြီး ၁ဝ ဦးဒဏ်ရာရရှိသွားခဲ့သည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ် မင်းရွာမှ ဒေါ်သန်းသန်းဝေ (၃၂ နှစ်)၊ ပြည်မြို့မှ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ ဝန်ထမ်း ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ဖြစ်သည်။

၎င်းနေ့ လက်နက်ကြီးကျည်ရွာထဲကျ၍ ဒဏ်ရာရရှိသူများမှာ မြစ်နားကျေးရွာမှ ဦးစိန်အောင်၏သမီး ဒေါ်စောစိန် (၃၂ နှစ်)၊ ဦးမောင်သာညွန့်၏သား ဦးလူဖြူကြီး (၄၄ နှစ်)၊ ထောင့်ချေကျေးရွာမှ ဦးစိန်ထွန်းမြ၏သမီး ဒေါ်ဦးဆန်းရီ (၄၂ နှစ်)၊ ဦးမောင်အေးသန်း (၄၃ နှစ်)၊ ဦးမောင်အေးသန်း၏သမီး ဒေါ်သန်းဦးကြည် (၂၃ နှစ်)၊ မင်းရွာမှ ဦးဦးကျော်မင်း၏သား ဦးထွန်းမောင် (၄၆ နှစ်)၊ ဦးစိန်အေးချမ်း (၆၅ နှစ်)၊ ဒေါ်အောင်မြဇံ (၉ဝ နှစ်)နှင့် မင်းပြားမြို့မှ ဦးစိန်ထွန်း၏သမီး ဒေါ်သိန်းတင်အေး (၄၉ နှစ်)တို့ ဖြစ်ကြသည်။ WFP ကားပေါ်မှ ဒဏ်ရာ ရရှိသွားသူမှာ ဦးအောင်မျိုးဦး ဖြစ်ကြသည်။

သေဆုံးသူ ဒေါ်သန်းသန်းဝေနှင့် ဒဏ်ရာရရှိသူ ၉ ဦးတို့မှာ ယင်းနေ့နံနက်ပိုင်းက မင်းပြားမြို့နယ် ဖားပျော်ရွာအနီး ပစ်ခတ်မှုများကြောင့် ယခုကဲ့သို့ ထိခိုက်ခဲ့ကြခြင်းဖြစ်သည်။

"ဘာဖြစ်လို့ ကျနော်တို့ရွာကို ဒီလိုလုပ်တာလဲ။ အခု အပြစ်မရှိတဲ့သူကို ပစ်တာ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။"ဟု သေဆုံးသူ ဒေါ်သန်းသန်းဝေ၏ အမျိုးသားက ပြောသည်။

အလားတူ ယင်းနေ့က သေဆုံးသွားသည့် WHO ဝန်ထမ်းတစ်ဦးနှင့် ဒဏ်ရာရရှိသွားသူ ကျန်းမာရေး ဝန်ထမ်းတစ်ဦးတို့မှာ ယင်းနေ့ ညနေ ၅ နာရီခန့်က စစ်တွေမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယ လူနာများ၏ဆေးစစ်ချက်များကို ရန်ကုန်သို့ WHO ကားဖြင့် ပို့ဆောင်စဉ် မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ဇက်ဆိပ်အနီး၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြချက်အရ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် WHO မှ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တွင် ဘယ်ဘက်တင်ပါး ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် ယာဘက်တံတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။ ဦးအောင်မျိုးဦးတွင် ယာဘက်လက်ဝါး၌ ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါပစ်ခတ်မှုမှာ AA က လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း AA အဖွဲ့ကမူ မြန်မာ့တပ်မတော်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဧပြီ ၂၁ ရက်နေ့တွင် မင်းပြားမြို့နယ်အတွင်း ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ ဦးကျော်လှဦး၏သား ဦးကျော်ဝင်းချေ (ခ) ကျော်ဝင်း (၃၁ နှစ်)၊ CPS ပိုးသတ်ဆေးကုမ္ပဏီမှ ကျောက်ဖြူမြို့နယ် တဲချောင်းကျေးရွာဇာတိ ယာဉ်မောင်း ကိုနွယ်နွယ်မောင်နှင့် နေပြည်တော် လယ်ဝေးမြို့မှ ယာဉ်နောက်လိုက် ကိုဟိန်းထက်ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူမှာ မေလွမ်းကျေးရွာမှ ဦးကျော်ခိုင် (၇၃ နှစ်)ဖြစ်သည်။

ယင်းနေ့တွင်နံနက်ပိုင်းတွင် နံနက်ပိုင်းက ရွာနှင့်တစ်မိုင်ခန့်ဝေးကွာသည့် မနီချောင်းတံတားဘက်မှ ငါးရှာ၍ပြန်လာစဉ် ရွာအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူမှာ မိမိနေအိမ်အတွင်း ထမင်းစားနေစဉ် ဝမ်းဗိုက်တွင် ကျည်ဆံထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ မေလွမ်းကျေးရွာသို့ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ရွာအတွင်းမှ အမျိုးသား (၁)ဦးသည် ဆိုင်ကယ် စီးနင်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန်တားမြစ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်အား ရပ်တန့်၍ တောင်ဘုတ်ကေကျေးရွာဘက်သို့ ထွက်ပြေးသွားသဖြင့် ထပ်မံ ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လဲကျ သေဆုံးနေသည့် အမျိုးသား ၁ ဦးနှင့်အတူ အနီးရှိဆိုင်ကယ်တူးဘောက်စ်အတွင်းမှ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ဓား ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် RFA တွင် ဧပြီ ၂၂ ရက်နေ့က ထုတ်လွှင့်သော သတင်းတစ်ပုဒ်တွင် အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကြောင်းအရာရှိက သူတို့မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုကာ သေဆုံးသွားသည့် ကိုကျော်ဝင်းချေအတွက် လျော်ကြေးငွေ ကျပ်တစ်သိန်းခွဲကို မိသားစုထံ ပေးအပ်ခဲ့သည်ဟု မိသားစုဝင်များက ပြောကြောင်း၊ အလားတူ ယင်းနေ့ကဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့သည့် ဦးကျော်ခိုင်အတွက်လည်း အဆိုပါတပ်မတော်စစ်ကြောင်းက လျော်ကြေးငွေ ကျပ်နှစ်သိန်းကို ကျေးရွာလူကြီးများထံ ပေးအပ်ခဲ့ကြောင်း သတင်းဖော်ပြသည်။

အလားတူ ယင်းနေ့ နေ့လယ်ပိုင်းတွင် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းကိုနွယ်နွယ်မောင်နှင့် ကိုဟိန်းထက်ဦးတို့သည် KBZ ဘဏ်တွင် ပိုးသတ်ဆေးဖြန်းရန် အမ်းမြို့မှ စစ်တွေမြို့ဘက်သို့ထွက်ခွာလာစဉ် ဧပြီလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ဖားပြိုကျေးရွာ၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ အရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကိုနွယ်နွယ်မောင်တွင် နဖူးကို ကျည်ဆံထိမှန်၍ ပွဲချင်းသေဆုံးခဲ့ခြင်းဖြစ်ပြီး ကိုဟိန်းထက်ဦးတွင် ဝမ်းဗိုက်၌ ကျည်ထိမှန်ကာ ဧပြီ ၂၆ ရက်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဧပြီ - ၂၂ ရက်နေ့တွင် မင်းပြားမြို့နယ်အတွင်း ပစ်ခတ်မှုများရှိခဲ့သည့်အတွက် လူလေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့၊ သံထောင်ရပ်ကွက်မှ ကိုသန်းထွန်း (၃၁ နှစ်)၊ ဦးကျော်မြတ်ထွန်း (ခေါ်) ထွန်းနုချေ၊ နရမ်းကျေးရွာမှ ဦးစံကျော် (၆ဝ နှစ်)နှင့် စန်းဘလေကျေးရွာမှ မူဆလင်တစ်ဦးဖြစ်သည့် အီစူအာလီ (၁၇ နှစ်)တို့ဖြစ်သည်။

သံထောင်ရပ်ကွက်တွင် နေထိုင်သူနှစ်ဦးမှာ မြို့ထဲမှတစ်ဆင့် မိမိတို့သံထောင်ရပ်ကွက်သို့ ယင်းနေ့ည ၈ နာရီခန့်တွင် ဆိုင်ကယ်ဖြင့်သွားရာတွင် အလယ်ပိုင်းရပ်ကွက်၊ စွန်ရဲလမ်း၊ မီးစက်ကြီးအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ မင်းပြားမြို့နယ် နရမ်းကျေးရွာမှ ဦးစံကျော်မှာလည်း ကျေးရွာအနီးမှ ကျွဲများကိုယူဆောင်လာစဉ် ရာမောင်တံတားဘက်မှ ပစ်ခတ်လိုက်သည့် ကျည်ဆံကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ရာ သွေးထွက်လွန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စန်းဘလေ မွတ်ဆလင်ကျေးရွာမှ အီစူအာလီမှာလည်း နရမ်းကျေးရွာအနီး နွားကျောင်း၍ ပြန်လာစဉ် လက်နက်ကျည်ထိမှန်ခဲ့ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုများကြောင့် စန်းဘလေကျေးရွာမှ မွတ်ဆလင် (၆)ဦးတွင်လည်း ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ရာတွင် မင်းပြားမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၂ ရက်နေ့၊ ည ၈ နာရီ ၁ဝ မိနစ်ခန့်တွင် မင်းပြားမြို့ဘက်မှ ရာမောင်တံတားဘက်သို့ YAMAHA(FZ) အမျိုးအစား ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးမောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန် အော်ဟစ်တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့်ဟန့်တား ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရပ်ဝတ်များ ဝတ်ဆင်၍ လဲကျသေဆုံးနေသည့် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦးနှင့် အသက် ၃ဝ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦးတို့ကို ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိရပြီး ၎င်းအနီးမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် မိုင်းထောင်ဖောက်ခွဲရန် အသုံးပြုသည့် ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

ဧပြီ ၂၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာ၌ မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူမှာ ခမီချောင်းရွာမှ မနုနုခိုင် (၅ နှစ်)ဖြစ်သည်။

သူသည် ယင်းနေ့နေ့လယ်ပိုင်းက နေအိမ်တွင်ထိုင်နေစဉ် ရွာ၏အနောက်ဘက်တောင်တန်း၌ ပစ်ခတ်မူများဖြစ်ပွား၍ ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် မနုနုခိုင်၏ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၂၅ ရက်နေ့တွင် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာမှ ဒေသခံတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ မြောင်းဘွေကျေးရွာ ပြည် တော်သာရပ်ကွက်နေ ဦးစိန်ရွှေဦး၏သား ဦးမောင်ဝင်း (၄၇ နှစ်)ဖြစ်သည်။

သူသည် ယင်းနေ့ ည ၁ဝ နာရီ အချိန် ဖားရှာထွက်စဉ် နဖူးတည့်တည့် ပစ်ခတ်လိုက်ရသဖြင့် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ် ကျရောက်ပေါက်ကွဲ၍ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူမှာ ကံ့ကော်မြိုင်ကျေးရွာမှ ခြောက်တန်းကျောင်းသူ မဆန်းမေ (၁၃ နှစ်)ဖြစ်သည်။

သူသည် ယင်းနေ့နံနက်က နေအိမ်အတွင်းရှိနေစဉ် ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ကျော်အကွာတွင် ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်ကျရောက်၍ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် မဆန်းမေ၏ပခုံးနှင့် ညာဖက်ခြေတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့သည်။

ဧပြီ ၂၇ ရက်နေ့တွင် မြောက်ဦးမြို့၌ ထမင်းဆိုင်တစ်ဆိုင်အတွင်း လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူများမှာ မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်ရှိ မြဝါတောင်အောက်တွင် ဖွင့်လှစ်ထားသည့်ထမင်းဆိုင်ပိုင်ရှင် ဦးညီညီမောင် (၄၃ နှစ်)၊ အသက် ၆ဝ အရွယ် အမျိုးသမီးတစ်ဦး၊ ဆိုင်ဝန်ထမ်းများဖြစ်သည့် မမြမြအေး (၁၈ နှစ်)နှင့် မမိငယ် (၁၆ နှစ်)တို့ဖြစ်သည်။

ယင်းနေ့ညနေ ၄ နာရီခန့်က ထမင်းဆိုင်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဦးညီညီမောင်၏ ခြေထောက်တွင် ဒဏ်ရာရရှိသွားပြီး အသက် ၆ဝ အရွယ် အမျိုးသမီးတစ်ဦးတွင် ခြေသလုံးနှင့် ပေါင်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ မမြမြအေးနှင့် မမိငယ်တို့တွင် ခြေသလုံးထုတ်ချင်းဖောက် ဒဏ်ရာများရရှိခဲ့သည်။

ယင်းနေ့ညပိုင်းက မြောက်ဦးမြို့ရှိ အလယ်စျေးတံတားနှင့် Prince ဟိုတယ်ကြားတွင် တပ်မတော်သားများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် တု့ံပြန်ပစ်ခတ်မှုများရှိခဲ့သည်ဟု တပ်မတော်က ပြောဆိုကြောင်း RFA သတင်း ဖော်ပြသည်။သို့သော် တပ်မတော်၏ပစ်ခတ်မှုသည် မြို့နှင့် အလှမ်းဝေးသည့်နေရာသို့ ပစ်ခတ်ခြင်းဖြစ်၍ မြို့တွင်းရှိ ဒေသခံများထိခိုက်မှုရှိသည်ဆိုသည်မှာ အဓိပ္ပာယ်မရှိဟုလည်း တပ်မတော်က ဆိုသည်။

ဧပြီ ၂၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ ပေါက်တောပြင်ကျေးရွာအနီး လယ်ကွင်းထဲတွင် လူသေအလောင်းတစ်ခုအား ဒေသခံများ တွေ့ရှိခဲ့သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်အတွက် မည်သူမည်ဝါဆိုသည်ကို မသိနိုင်သေးပေ။

ယင်းနေ့တွင်ပင် မင်းပြားမြို့ ရာမောင်တံတားအနီး ကုန်တင်ယာဉ်မောင်းတစ်ဦး လက်နက်ငယ်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူမှာ ပဲခူးမြို့မှ ကုန်တင်ယာဉ်မောင်း ဦးသိန်းနိုင်စိုးဖြစ်သည်။

သူသည် ယာဉ်နောက်လိုက် ဦးသန်းဇော်နှင့်အတူ ပဲခူးမြို့ရှိ ဆေးလိပ်ဖိုတစ်ခုမှ ဆေးပေါ့လိပ်များအား ရန်ကုန်မှ စစ်တွေသို့ပို့ဆောင်ရန် လာစဉ် ယင်းနေ့နေ့လယ်ပိုင်းတွင် ယခုကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု တပ်မတော်က ဧပြီ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၂၉ ရက်နေ့တွင် ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုကြောင့် သေနတ်ကျည်ထိမှန်မှုကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများမှာ ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှ ဦးမောင်သန်းတင် (၅ဝ နှစ်)နှင့် ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာမှ မနှင်းနှင်းဝေ (၁၄ နှစ်)ဖြစ်သည်။

ဦးမောင်သန်းတင်သည် ယင်းနေ့နံနက် ၇ နာရီခန့်က သာစည်ကုန်းကျေးရွာအနီး တောင်တန်းရှိ ၄င်း၏ကွမ်းစိုက်ခင်းသို့ သွားစဉ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ညာဘက်ရင်အုံနှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာမှ မနှင်းနှင်းဝေသည် ယင်းနေ့တွင် နေအိမ်အတွင်းရှိနေစဉ် သေနတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး လည်ပင်းအနီး ထိမှန်သွားခဲ့ကြောင်း သိရသည်။

ဧပြီ ၃ဝ ရက်နေ့တွင် မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦး အသတ်ခံလိုက်ရသည်။

အသတ်ခံလိုက်ရသူသည် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှ ဦးမောင်လှ၏သား ကိုဇော်ဇော်ဦး (၂၇ နှစ်)ဖြစ်သည်။

သူသည် ဧပြီ ၂၉ ရက်နေ့နံနက်က မြောက်ဦးမြို့သို့ နှစ်ဘီးဆိုင်ကယ်လုပ်ရန်သွားရောက်ရာ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်တံတားအနီးတွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု  ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် သေဆုံးနေပြီဖြစ်သည့်သူ၏အလောင်းကို ဧပြီ ၃ဝ ရက်နေ့နံနက်တွင် မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က မြောက်ဦးဆေးရုံသို့လာရောက်ပု့ိဆောင်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

မတ်လ ၃ဝ ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ ဦးအောင်ထွန်းသိန်း (၄၈) နှစ်သည် မျှစ်ချိုးရန် သွားစဉ် ရဲကင်းနှင့် ကိုက် ၁ဝဝ ခန့်အကွာတွင် မိုင်းပေါက်ကွဲ၍ သေဆုံးခဲ့သည်ဟု ဆွေမျိုးတော်သူ တစ်ဦးက ပြောသည်။

-------------


Unicode:




























































































































































































































ဆက်စပ် သတင်းများ