ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင် ဒုံးပိုက်ကျေးရွာပစ်ခတ်မှု နယ်ခြားစောင့်ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၃ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ဒုံးပိုက်ကျေးရွာတွင် ယမန်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွား၍ နယ်မြေခံရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာမှ အမျိုးသမီးတစ်ဦးတို့ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၂ ရက် နေ့လယ် ၂ နာရီခန့်က ဒုံးပိုက်ကျေးရွာအတွင်း အရက်ရောင်းချနေသည့် နေအိမ်တစ်ခု အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုံးပိုက်နယ်ခြားရဲစခန်းမှ အမည်မသိ ရဲတပ်သားတစ်ဦးနှင့် စျေးရောင်းနေသူဒေါ်ဝေယိုင်နု(၅၆)နှစ်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဒေါ်ခင်စောရီက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဖြစ်တာက ရွာထဲက အရက်ဆိုင်မှာစဖြစ်တာလို့သိရတယ်။ နယ်ခြားစောင့် ရဲသားလေးတွေ သုံးလေးယောက်က အရက်သောက်နေပြီး ဆူညံနေတဲ့ အချိန်မှာ အပြင်ဘက်မှာ ရှိတဲ့ အေအေကလို့ ထင်ရတဲ့လူတချို့က သေနတ် ပစ်တယ်လို့ သိရတယ်။ အဲဒီနောက်တော့ ရဲစခန်းကလည်း ရွာထဲက သေနတ်သံကြားတဲ့ နေရာဘက်ကို သေနတ်တွေနဲ့ပစ်တယ်။ လူတွေကိုတော့ မထိပါဘူး။ အစကလေးတွေ နည်းနည်းပါးထိတော့ ဒဏ်ရာရကြတယ် ”ဟု ပြောသည်။

နယ်မြေခံ ရဲတပ်သားမှာ အနီးအနားတွင် ရပ်ထားသည့် ကားမှန်ကွဲပြီး မှန်စ လာထိမှန်ရာမှ ဒဏ်ရာရရှိခြင်း ဖြစ်ပြီး အမျိုးသမီးမှာ စျေးရောင်းနေစဉ် သေနတ်ကျည်ထိကြီး လွှင့်စင် ကျလာသည့် ကျောက်ခဲစ ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ခင်စောရီကပြောသည်။

စစ်ဆေးခံရမည်ကိုစိုးရိမ်သဖြင့် ယနေ့နံနက်မှ စ၍ လူငယ်အရွယ်နှင့် လူလတ်ပိုင်း အရွယ်အမျိုးသမီးများ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး သက်ကြီးရွယ်အိုများသာ ရွာမှာကျန်ခဲ့ကြောင်း သူမကဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ခရီးလွန်နေသဖြင့် ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြေဆိုနိုင်ခြင်းမရှိကြောင်း ပြောကြားသည်။

ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပစ်ခတ်မှုဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ခက်တယ်ဗျ။ ကျွန်တော်တို့ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းတိတိကျကျမရသေးလို့လေ။သတင်းပို့တော့ ပို့တယ်။ ပို့သော်ငြားလည်းသတင်းက သတင်းက တိတိကျကျ မရဘူး။ ပစ်ခတ်မှုဖြစ်တာကတော့ အဲဒီ သတင်းက ဟုတ်တော့ဟုတ်တယ်” ဟု ပြောသည်။

ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူးအာ ဆက်သွယ်၍ မရရှိသဖြင့် ၄င်းကျေးရွာအနီး ပေါက်တောပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြ အားဆက်သွယ်ရာ ပစ်ခတ်မှုဖြစ်သည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။

“မနေ့ကတော့ ဒုံးပစ်အုပ်ချုပ်ရေးမှူးနဲ့အဆက်သွယ်ရတော့ ပစ်ခတ်မှုဖြစ်တာဟုတ်တယ်လို့သိရတယ်။ သေနတ်တွေပစ်ကြတော့ တစ်ရွာလုံးပြေးကြရတယ်လို့ပြောတယ်”ဟုပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအားဆက်သွယ်ရာ ၄င်းက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တိတိကျကျသိရှိခြင်းမရှိသေးကြောင်း ပြောသည်။

ဒုံးပိုက်ကျေးရွာတွင်အိမ်ခြေ ၂၄ဝ ခန့်ရှိပြီး လူဦးရေတစ်ထောင်ကျော်ခန့်နေထိုင်ကြကာ အများစု ရွာသားများမှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကြောက်လန့် ထွက်ပြေးနေကြသည်ဟု သိရသည်။

AA ကို အစိုးရမှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသဖြင့် မေးမြန်းဆက်သွယ်ပါက ဥပဒေအတိုင်း အရေးယူခံရမည်ဟု နိုင်ငံတော်သမ္မတရုံး ပြေားရေးဆိုခွင့်ရှိသူက ပြောဆိုထားသဖြင့် ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဟုတ်/ မဟုတ်ကို မေးမြန်း တင်ပြနိုင်ခြင်း မရှိပါ။

--------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ မေ ၃ /၂ဝ၂ဝ
















ဆက်စပ် သတင်းများ