ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၉/ ၂၀၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာသစ်မှ တပ်မတော် စစ်ကြောင်းတစ်ခုမှ ခေါ်ယူခံရသည့် ရွာသား ၁၁ ဦးကို ယမန်နေ့က စစ်ဆေးပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ယနေ့ နံနက် ၈ နာရီခန့်က ဒိုးတန်းရွာဟောင်းမှ ကျေးရွာသား ၇ ဦးအား ထပ်မံ ခေါ်ယူသွားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မိသားစုဝင်များက ပြောကြားသည်။
ယနေ့တွင် ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျေးရွာသားများမှာ ဒိုးတန်းရွာဟောင်းကျေးရွာမှ ဦးစောလှဦး (၆၀) နှစ်၊ ဦးစောသန်း (၄၅) နှစ်၊ ဦးမောင်ထွန်းစိုး (၅၅) နှစ်၊ ဦးလှအောင် (၄၅) နှစ်၊ ဦးလှထွန်းစိန် (၆၀) နှစ်၊ ဦးမောင်လှကြီး (၄၅) နှစ်နှင့် ဦးဝင်းချေ (၄၃) နှစ်တို့ဖြစ်ကြောင်း ဒိုးတန်းရွာဟောင်းကျေးရွာ ကျောင်းထိုင် ဆရာတော် ဦးသုခက မိန့်ကြားသည်။
ဆရာတော် ဦးသုခက “စစ်သားတွေက ဘာကြောင့်ခေါ်သွားမယ်ဆိုတာကို မပြောဘူးပေါ့နော်။ ခေါ်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ လမ်းပြအဖြစ်ခေါ်တာလား၊ စစ်ဆေးဖို့ခေါ်တာလား၊ ဘာလဲတော့ မသိဘူး။ သူတို့ စစ်ဆေးချင်လည်း စစ်ဆေးမယ်ပေါ့။ ဦးဇင်းကျောင်းကိုတော့ သူတို့ စစ်သား ၄၀ လောက်ဝင် လာတယ်။ ရွာထဲမှာ ဘယ်လောက်ကျန်ခဲ့လဲတော့ မပြောတတ်ဘူး။ ရွာထဲမှာတော့ ဦးဇင်းနဲ့ ကျေးရွာသား တစ်ချို့ပဲ ကျန်ခဲ့ပါတယ်” ဟု နိရဥ္စရာသို့ မိန့်သည်။
ဒိုးတန်းအုပ်စုတွင် ဒိုးတန်းရွာသစ်နှင့် ဒိုးတန်းရွာဟောင်းဆိုပြီး ရွာနှစ်ရွာရှိကြောင်း၊ အိမ်ခြေ ၂၃၀ ကျော်နှင့် လူဦးရေ ၁၃၀၀ ခန့်ရှိကြောင်း၊ ဒိုးတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်က ပြောသည်။
ဒိုးတန်းရွာသစ်သို့ မေလ ရ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခု ဝင်ရောက်လာပြီး ရွာသား ၁၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က ပြန်လည် လွှတ်ပေးခဲ့သည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
“ ရွာသစ်က ၁၁ ဦးကိုတော့ မနေ့က ပြန်လွှတ်ပေးခဲ့တယ်။ ဒီကနေ့ ဒိုးတန်းရွာဟောင်း ရ ဦးကို ခေါ်သွားတယ်လို့ သိရပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်သွားတယ်လို့ သိရပါတယ်။ ရွာထဲက အိမ်တွေကိုလည်း လိုက်လံပြသရတာ ရှိတယ်လို့ ကြားပါတယ်။ အခုလို ဒိုးတန်းရွာက လူတွေကို ခေါ်ယူစစ်ဆေးနေတာကတော့ မေလ ၅ ရက်နေ့က သာစည်ကျေးရွာမှာ စက်လှေပေါ်က လူငယ် ၅ ယောက် အဖမ်းခံရတာနဲ့ ဆက်စပ်တယ်လို့ သိ၇ပါတယ်။ ဖမ်းမိတဲ့ လူငယ် ၅ ဦးထဲမှာ နှစ်ဦးက ဒိုးတန်းက ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
မေလ ၅ ရက်နေ့က ဒိုးတန်းရွာဟောင်းကျေးရွာမှ ဖမ်းဆီးခံ၇သည့် လူငယ်နှစ်ဦးမှာ ဦးမောင်တင်ဝင်းနှင့် ဒေါ်ဒေါင်းယဉ်တို့၏ ဆယ်တန်းစာမေးဖြေဆိုထားသူ မောင်ဝင်းမောင်သန်း (၁၇) နှစ်နှင့် ဦးသိန်းမောင် ဒေါ်ဦးတိုက်စိုး ၏ သား န၀မတန်း စာမေးပွဲဖြေဆိုထားသည့် မောင်ပြည်ငြိမ်းအောင် (၁၄) နှစ်တို့ နှစ်ဦး ဖြစ်ကြသည်ဟု သိ၇သည်။
မောင်ဝင်းမောင်သန်း၏ မိခင်ဒေါ်ဒေါင်းယဉ်က “ ကျွန်မတို့ရွာက ကျွန်မသားနဲ့ နောက်ထပ် လူငယ် တစ်ယောက် အဖမ်းခံထား၇ပါတယ်။ မေလ ၅ ရက်နေ့က သာစည်ကျေးရွာဆိပ်ကမ်း စက်လှေပေါ်က စစ်ကြောင်း တစ်ခုက ဖမ်းတာပါ။ စုစုပေါင်း ၅ ဦး အဖမ်းခံရတာမှာ တစ်ခြား အဖမ်းခံ၇တဲ့ ၃ ဦးကိုတော့ ကျွန်မတို့ မသိပါ။ ကျွန်မသားက ပုဏ္ဏားကျွန်းမြို့ပေါ်မှ သူငယ်ချင်းထံ သွားမယ်ဆိုပြီး ထွက်သွားကြ တပ်မတော်သားများမှ ဖမ်းဆီးခေါ်ဆောင်တယ်လို့ဘဲ သိရပါတယ်။ အခုအချိန်ထိ တစ်စုံတစ်ရာ အဆက်သွယ် မရရှိတော့ မိသားစုဝင်တွေ အနေနဲ့ စိုးရိမ်နေကြပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ဒိုးတန်းရွာဟောင်းနှင့် ရွာသစ်မှ ကျေးရွာသား အများစုမှာ တပ်မတော် စစ်ကြောင်း ဝင်ရောက်လာသည့် မေလ ရ ရက်နေ့ နံနက်ကတည်းက ရွာကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း၊ ၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့နယ် အမဲခင်၊ ဒီပါရုံ၊ နားဒေါင်းကျ၊ သာယာကုန်း၊ မကျည်းချောင်း၊ အလယ်ချောင်းနှင့် မြစ်နားပြင်ကျေးရွာတို့တွင် ခိုလုံနေကြကြောင်း၊ လက်ရှိတွင် ဒိုးတန်းရွာဟောင်း၌ လူဦးရေ ၁၀၀ ခန့်နှင့် ရွာသစ်တွင် လူဦးရေ ၁၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း ဆရာတော်က ဦးသုခက ဆက်လက် မိန့်ကြားသည်။
“ တပ်မတော် စစ်ကြောင်း မေလ ရ ရက်နေ့က ရွာထဲကို ဝင်မလာခင် နံနက် ၄ နာရီ ကတည်းက သေနတ်သံတွေ ကြားရတယ်။ ရွာအနီး သေနတ်သံကြားရတော့ ရွာသားတွေ ကြောက်ပြီး ထွက်ပြေး ကြတယ်။ နံနက် ၈ နာရီလောက်မှာ တပ်က ရွာထဲကိုဝင်လာခဲ့တယ်။ အခု ရွာမှာ လူတောင် မရှိတော့ဘူး” ဟု ဆရာတော်က ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းက “ဒိုးတန်းရွာဟောင်းက ဒီနေ့ ရ ယောက် ဖမ်းသွားတယ်လို့ သိ၇ပါတယ်။ ဟိုတစ်နေ့က ဖမ်းသွားတဲ့ ၁၁ ယောက်က တော့ မနေ့က ပြန်လွှတ်လာတယ်။ အဲဒီရွာက ကျောင်းသား နှစ်ယောက်နဲ့ တခြား တစ်ရွာက သုံးယောက်တို့ ပုဏ္ဏားကျွန်းကို စက်လှေနဲ့ သွားကြရင်း လမ်းမှာ အဖမ်းခံရတယ်တော့ သိရပါတယ်။ အဲဒီ သုံးယောက်က ဘယ်ရွာကလဲ ဆိုတာကိုတော့ မသိ၇သေးပါဘူး။ ဒါတွေနဲ့ ဆက်စပ်နိုင်ပါတယ်” ဟု ပြောသည်။
--------------------
Unicode:
နိရဉ်စရာ၊ မေ ၉/ ၂၀၂၀