နီမင်းထွန်း
နိရဥ္စရာ၊ မေ ၁၃/၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ညနေ ရ နာရီခွဲကျော်ခန့်က စာရေးဆရာ ကျော်လင်း(ရောင်စုံ) ဂျင်ကလိဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။
နေအိမ်ရှေ့တွင် ဖုန်းပြောနေစဉ်အတွင်း ဆိုင်ကယ်ပေါ်မှ လူနှစ်ဦးက လာရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ဂျင်ဂလိမှာ ရင်ညွန့်တွင် ထိမှန်ပြီး ဒဏ်ရာရသွားခဲ့ကြောင်း၊ ရည်ရွယ်ချက်ရှိရှိလာပစ်ခြင်းဖြစ်ကြောင်း ပစ်ခတ်ခံရသည့် စာရေးဆရာ ကျော်လင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ မိတ်ဆွေတစ်ယောက်နဲ့ ဖုန်းပြောနေတုန်း ဆိုင်ကယ်ပေါ်က လူနှစ်ယောက်ကလာပစ်တာ။ နောက်က တစ်ယောက် အရပ်မြင့်မြင့် ခန္ဓာ၀၀နဲ့ ရှေ့ကတစ်ယောက်ကိုတော့ မှန်းလို့မရလိုက်ဘူး။ စူးက ကျနော့် ရင်၀မှာ ကျတယ်။ မတော်တဆဖြစ်သွားတာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိလာပစ်တာ” ဟု ၎င်းက ပြောသည်။
မည်သူနှင့်မှရန်ဖြစ်ခြင်းမရှိသည့်တွက် ရန်ငိုးရန်စဖြင့် လာရောက်ပစ်ခတ်ခြင်း မဟုတ်ဘဲ Facebook လူမှု စာမျက်နှာတွင် မူးယစ်ဆေးဝါးနှင့် တခြားနိုင်ငံရေး ဝေဖန်သည့် စာပေများရေးဖော်ပြသောကြောင့် လာရောက် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ၄င်းကဆက်ပြောခဲ့သည်။
ယခုကဲ့သို့ နေအိမ်တွင်နေ၍ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ စာရေးဆရာ ကျော်လင်း(ရောင်စုံ) “ ကိုယ့်အိမ်မှာနေလို့ အခုလိုပစ်ခတ်ခံရတာဟာ ကျောက်တော်၊ မြောက်ဦးတို့လို စစ်တွေမြို့မှာလည်း အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားဟာ ပျက်စီးနေတဲ့အတွက် ပြည်သူတွေလုံခြုံမှုမရှိတော့ဘူး။ လူတစ်ယောက်ကို သတ်ချင်သလို သတ်လို့၇တဲ့အနေအထားထိတောင်ဖြစ်နေပြီ” ဟု ပြောသည်။
လက်ရှိတွင် စာရေးဆရာ ကျော်လင်းမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း သိ၇သည်။
စာရေးဆရာကျော်လင်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ယခုကဲသို့ လူမှုစာမျက်နှာ ပေါ်တွင် ဝေဖန်ရေး စာပေများ ရေးသားဖော်ပြသည့်အတွက် ဓားဖြင့်အထိုးခံခဲ့ရပြီး တရားခံ ပေါ်ပေါက်မှုမရှိခဲ့ကြောင်း သိ၇သည်။
------------------------
Unicode:
နိရဉ်စရာ၊ မေ ၁၃/၂၀၂၀