ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် လက္ကာကျေးရွာ မီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 4.1k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ရွာမီးလောင်နေကြောင်း ဒေသခံများမှ သိရသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းနှင့် ပီးပင်းရင်းစစ်ဘေးရှောင်စခန်းတို့ကို လက္ကာကျေးရွာမှ နေအိမ် စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များက ရွာသားများမရှိသည့် ၎င်းတို့၏ ရွာတွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့မြင်နေရကြောင်း နိရဥ္စရာသတင်းဌာနအား ပြောသည်။

 ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် လက္ကာကျေးရွာမှ ဒေါ်ဝင်းကြည်က“တိန်ညိုရွာဘက်ကနေ စစ်ကြောင်းတစ်ခု ကျွန်မတို့လက္ကာရွာဖက်ကို သွားတယ်လို့ကြားရပြီး ခဏနေတော့ ကားလမ်းဘက်က လက်နက်ကြီးနဲ့ ပစ်သံတွေကြားရတယ်။ အခု အိမ်တွေမီးလောင်နေပါတယ်။”ဟုပြောသည်။

၎င်းတို့မှာ ၂ဝ၁၉ ခုနစ် ဧပြီ ၁ဝ ရက်နေ့က လက္ကာရွာမှ လူငယ် ၁၇ ဦးအားဖမ်းခေါ်သွားပြီးနောက်တစ်နေ့ ၁၁ ရက်နေ့တွင် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရကြောင်းဆက်ပြောသည်။

“ရွာကလူတွေငိုတဲ့လူငိုနဲ့ပါ။ ကျွန်မတို့ဒီမှာ တဲတန်းလျားခန်းတွေမှာ လူနေဖို့အနိုင်နိုင် နေရတဲ့အတွက် ထွက်ပြေးတဲ့အချိန်ကကျန်ခဲ့တာတွေလည်းသွားမယူကြဘူး။ အခုအကုန်ပါသွားလောက်ပါပြီ။ အစိုးရကိုဘာပြောရမလဲ ပြောစရာစကားလည်း မရှိတော့ပါဘူး။ တိုက်ပွဲလည်း မဖြစ်ပါပဲနဲ့ ရွာမီးလောင်တာတော့ မဖြစ်စေချင်ဘူး။ ” ဟု ဒေါ်ဝင်းကြည်က ဆက်ပြောသည်။

လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ညွှန့်က ရွာမီးလောင်နေသည်မှာ ဟုတ်မှန်ကြောင်း ၎င်းနေထိုင်သည့် တိန်ညိုစစ်ဘေးရှောင်စခန်းမှလည်း လှမ်းမြင်နေရကြောင်း ပြောသည်။

“ရွာမှာလူလည်းမရှိတော့ ဘယ်နှစ်ဆောင်လောင်နေလည်းမသိရဘူး။ လောင်နေတာက အတော်များတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ပစ်သံသုံးလေးချက်ကြားပြီး မီးတောက်တွေထွက်လာတာ။ အခုထိလောင်နေသေးတယ်”  ဟု နေ့လယ် ၂ နာရီခွဲက ဦးကျော်ညွှန့်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း မီးလောင်နေသည်မှာ ဟုတ်မှန်ကြောင်း၊ လောင်နေသည့်အိမ်အရေအတွက်ကို မသိရသေးကြောင်း ပြောသည်။

၎င်းလက္ကာကျေးရွာတွင် အိမ်ခြေ ၃ဝဝကျော်ရှိပြီး လူဦးရေ ၂ ထောင် ကျော်နေထိုင်ခဲ့ကြကြောင်း၊ လက်ရှိတွင် ပီးပင်ရင်းစစ်ဘေးရှောင်စခန်း၊ တိန်ညိုစစ်ဘေးရှောင်စခန်း၊ ဘူးရွက်မညိုး ကျေးရွာနှင့် ဘုရားကြီးကျေးရွာစသည့် နေရာများတွင် ၂ဝ၁၉ ခုနစ် ဧပြီ ၁ဝ ရက်နေ့ ကစပြီးထွက်ပြေး ခိုလှုံနေကြရကြောင်း သိရသည်။

မွောကျဦးမွို့နယျ လက်ကာကြေးရှာ မီးလောငျ

အိမျစိုးဖွူ

နိရဉ်စရာ၊ မေ ၁၆/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ