သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

နောက်ထပ် ဒုက္ခသည် ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဘင်္ဂလာဒေ့ရှ် ကူတူပါလောင်ဒုက္ခသည်စခန်း Lockdown ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 8.4k

နိရဥ္စရာ၊ မေ ၁၇/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည်များ နေထိုင်ရာ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၃ ဦးထပ်မံ တွေ့ရှိ ရပြီးနောက် ၎င်းဒုက္ခသည် စခန်းကို Lockdown ချ၊ အဝင်အထွက် ပိတ်ထားလိုက်ပြီဟု အိုကီးယားနယူးတွင် သတင်းဖော်ပြသည်။ 

မေလ ၁၅ ရက်နေ့က ကော့စ်ဘဇားမြို့ ဓာတ်ခွဲခန်းတွင် လူပေါင်း ၁၆၄ ဦး၏ သွေးနမူနာများကို စမ်းသပ် စစ်ဆေးရာ ၂၁ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၃ ဦးမှာ ကူတူပါလောင် ဒုက္ခသည် စခန်းမှ ဖြစ်ကြောင်း ၎င်းသတင်းတွင် ဖေါ်ပြသည်။ 

ထိုသို့ ဒုက္ခသည်များတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိသူများကို သီးသန့်ခွဲထားရန်နှင့် ဆေးကုသရန် ၂၁ဝ ကုတင်ဆန့် ကုသရေးစင်တာတစ်ခုကို တည်ဆောက်နေကြောင်း၊ မေလ ၂၂ ရက်နေ့တွင် ၉ဝ ကုတင်ဆန့် ကုသရေးစင်တာကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်စင်တာကို မေလ ၃ဝ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း နောက်သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။  

ဘင်္ဂလီဘာသာဖြင့် ရေးသားထားသည့် ၎င်းအိုကီးယားနယူး၏ ယနေ့ထုတ် သတင်းတွင် အိုးကီးမြို့နယ်တွင် တည်ရှိသည့် အမှတ် (၁) Block (F ) လင်ဘာချား စခန်းမှ  ဒုက္ခသည် တစ်ဦး ဖြစ်သူ မူဟာမတ်ဆော်လိမ်းမာဇီတွင် ရောဂါပိုးထပ်တွေ့ရကြောင်း၊ အိုကီးမြို့တွင် ယမန်နေ့က အိမ်တစ်အိမ်တည်းမှ အန်ဂျီအို ဝန်ထမ်း ၂ ယောက်၊ ရဲတစ်ဦးနှင့် အိမ်သားတစ်ဦးတို့တွင် ကိုရိုနာကပ်ရောဂါ ကူးစက်နေသည်ကို တွေ့ခဲ့ရသည်ဟု သတင်းဖော်ပြသည်။ (အိုးကီးမြို့နယ်သည် ရခိုင်ပြည်နယ်မှ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည်။

မေလ ၁၄ ရက်နေ့က ကူတူပါလောင် ဒုက္ခသည်စခန်းမှ ကိုရိုနာ ရောဂါပိုး စတင် တွေ့ရှိခဲ့ရသူ နှစ်ဦးအနက် တစ်ဦးမှာ အန်ဂျီအိုဝန်ထမ်းဖြစ်ပြီး တစ်ဦးမှာ မြန်မာနိုင်ငံမှ ဒုက္ခသည် ဖြစ်ကြောင်း သိရသည်။ 

ယနေ့အချိန်ထိ မြန်မာနှင့် ကပ်ရပ်တည်ရှိသည့် ကော့စ်ဘဇားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါးပိုးတွေ့သူ ၁၅၂ ဦးရှိပြီး ယင်းအထဲမှ ပြန်ကောင်းလာသူမှာ ၃၃ ဦးရှိကြောင်း ၎င်းသတင်းကဆိုသည်။ 

ယနေ့ မေလ ၁၇ရက် နံနက်ထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာရောဂါ ကူးစက်ခံရသူ ၂ဝ၉၉၅ ဦးရှိပြီး သေဆုံးသူ ၂၉၈ ဦး၊ ပြန်ကောင်းလာသူ ၄၁၁၇ ဦးရှိကြောင်း The Daily Star သတင်းတွင် ဖော်ပြထားသည်။ 


ဆက်စပ် သတင်းများ