Preview

အမ်းမြို့နယ်-ဒါးလက်အုပ်စုတွင် ပျောက်ဆုံးနေသူရွာသားတစ်ဦး လိုက်လံရှာဖွေရာမှ ကျေးရွာသား ၁၄ ဦး အဖမ်းခံရဟုဆို

မေ ၁၉/ ၂၀၂၀ | ကြည့်ရှုသူ :1622
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၉ / ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် ငါးရှာရန် ထွက်သွားရာမှ ပျောက်ဆုံးနေသော ကျေးရွာသားတစ်ဦးကို လိုက်လံ ရှာဖွေရာမှ လိုက်ရှာသူ ကျေးရွာသား ၁၄ ဦး မေလ ၁၈ ရက်နေ့က အဖမ်းခံ၇သည်ဟု ဒေသခံများက ပြောကြားသည်။

အဖမ်းခံရသော အလယ်ကျွန်းကျေးရွာမှ ရွာသား ၁၄ ဦးမှာ ဦးစိုးမြင့်၊ ဦးကြည်လွင်၊ ဇော်လင်းဝင်း၊ မောင်ညွှန့်တင်၊ ညီသိန်း၊ မောင်သန့်၊ လင်းလင်းဇော်၊ မင်းဇော်၊ မင်းသီရိ၊ လှအောင်စိုး၊ မင်းနိုင်၊ မောင်မြင့်လှိုင်၊ ဇော်ဝင်းနှင့် ကျော်မောင်တို့ ဖြစ်ကြသည်ဟု သူတို့ကို ဖမ်းဆီးသွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ ကိုဦးသန်းဝေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဒီလ ၁၇ ရက်  နေ့လယ်က ရွာသားတစ်ဦးဖြစ်တဲ့ ကိုငှက်ပျောကြီး ငါးရှာဖို့လှေနဲ့ ထွက်သွားတယ်။ ညနေထိ အိမ်ပြန်မရောက်ဘူး။ မနေ့က မေ ၁၈ ရက်နေ့ မနက် ရ နာရီလောက်မှာ ကျွန်တော်တို့ရွာသား ၉ ဦးက စက်လှေ တစ်စီးနဲ့ နောက် ၆ ဦးက ကုန်းပေါ်ကနေ သူ့ကို လိုက်ရှာကြတယ်။ အဲဒီမှာ စစ်သားတွေက ဖမ်းသွားပါတယ်” ဟု ကိုဦးသန်းဝေက ပြောသည်။ 

အဖမ်းခံ၇သူများမှာ စက်လှေပေါ်မှ ၈ ဦးနှင့် ကုန်းပေါ်မှ လိုက်ရှာသူ ၆ ဦးဖြစ်သည်ဟု ဆိုသည်။ 

 “သူ့စီးသွားတဲ့ လှေကိုတော့ ချောင်းကမ်းစပ်မှာ ကျနော်တို့ တွေ့တယ်။ အဲဒီချိန်မှာ ကျနော်တို့စက်လှေက သူ့လှေကိုကပ်တယ်။ ကျနော်တို့ စက်လှေကပ်တဲ့အချိန်မှာ စစ်သားနှစ်ဦးက ချုံပုတ်ထဲကနေ ထွက်လာ ပြီးတော့ ကျနော်တို့ကို ခေါ်ပါတယ်။ စက်လှေပေါ်မှာ ကျနော်အပါအဝင် လူ ၉ ယောက်ပါတယ်။ ကျနော်က ချုံပုတ်ထဲမှာ ပုန်းကျန်ခဲ့တယ်။ စက်လှေမှာပါတဲ့ လူ ၈ ယောက်နှင့် ကုန်းပေါ်က သွားရှာတဲ့ သူ ၆ ယောက် ကို ဖမ်းခေါ်သွားပါတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံထား၇သူများမှာ မေလ ၁၉ ရက်နေ့ထိ အိမ်ကို ပြန်မရောက်လာသဖြင့် မိသားစုဝင်များမှ စိတ်ပူပန်နေကြသည်ဟု အမည်မဖော်လိုသူ ကျေးရွာလူကြီးတစ်ဦးက ပြောသည်။

“ ဒီမှာက ငါးငတ်လို့ ငှက်ပျောကြီးဆိုသူက ငါးရှာဖို့သွားတယ်။ ဟိုတစ်ရက်နေ့ နေ့လယ် ၁ နာရီလောက်က သွားတာပါ။ သူ့ပြန်မရောက်လို့ ဆိုပြီး ရွာသားတွေက မနေ့က ရှာဖို့သွားတယ်။ ရှာဖို့သွားတဲ့ လူတွေလည်း အဖမ်းခံရတယ်။ သူတို့က ကျေးရွာသား အစစ်အမှန်တွေဖြစ်ကြပါတယ်။ သူတို့ လွှတ်မြောက်ရေးကို အထက်က တာဝန်ရှိသူတွေ ကူညီစေချင်ပါတယ်။ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးစေချင်ပါတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးအား ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် အဆိုပါကိစ္စကို မသိရှိ၇သေးကြောင်း ဖြေကြားခဲ့သည်။

၎င်းအလယ်ကျွန်းကျေးရွာတွင် ဧပြီလအတွင်းက ရွာထဲသို့ လက်နက်ကြီးကျည်များကျရောက်ကာ နေအိမ်များ မီးလောင်ခြင်း၊ လူများထိခိုက်ဒဏ်ရာရမှုနှင့် လက်နက်ကြီးကျည်စထိမှန်၍ လူတစ်ဦးသေဆုံးခဲ့သဖြင့်  ကျေးရွာသားများမှာ ရွာထဲ၌ မနေရဲကြဘဲ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြသည်ဟုလည်း သိရှိ၇သည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.