Preview

စစ်တွေမြို့ ဆတ်ရိုးကျ စက်မှုဇုန်သိမ်းဆည်းမြေ တစ်ဧက ကျပ်သိန်း ၃၀ လျော်ကြေး မြေပိုင်ရှင်များ လက်မခံနိုင်ဟုဆို

မေ ၂၀/ ၂၀၂၀ | ကြည့်ရှုသူ :5099
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၀ / ၂၀၂၀

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ဆတ်ရိုးကျနှင့် ကျေးတောကျေးရွာတို့မှ စက်မှုဇုန် တည်ဆောက်ရန် သိမ်းဆည်းခံထား၇သည့် မြေဧက ၁၄၀ ကျော်အတွက် ပြည်နယ်အစိုး၇အဖွဲ့မှ တစ်ဧကလျှင် ကျပ်သိန်း ၃၀နှုန်းဖြင့် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သော်လည်း ၎င်းငွေတန်ဖိုးကို လက်မခံနိုင်ကြောင်း မြေပိုင်ရှင်များက ပြောသည်။ 

ဆတ်ရိုးကျရပ်ကွက်မှ လယ်ပိုင်ရှင်ဦးမောင်ထွန်းသိန်း “ ဒီမြေကိုစက်မှုဇုန် တည်ထောင်ဖို့ အတွက် သိမ်းထားတာ ဖြစ်တယ်။ သိန်း ၃၀ ပေးဖို့ဆိုတာက ၂၀၁၈ ခုနှစ်ကတည်းက ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့က လက်မခံဘူး။ ဘယ်ဖြစ်လို့လည်းဆိုတော့ စက်မှုဇုန်မဖြစ်ဘူးဆိုရင် ဒီမြေကို မူလပိုင်ရှင်ကို ပြန်ပေးရမယ်ဆိုပြီး တောင်းဆိုခဲ့တယ်။ အခု စက်မှုဇုန်မဖြစ်ဘဲ ခရိုနီတွေက အာဏာရှင်တွေနဲ့ပေါင်းပြီး မြေကွက်တွေကို ရောင်းစားနေတယ်။ ကျနော်တို့တောင်းဆိုထားတာက အဆောက်အဦး ဆောက်ထားတာ တွေကို ကာလပေါက်ဈေးပေးရပါမယ်။ ကျန်တဲ့မြေတွေကို မူလပိုင်ရှင်ကို ပြန်ပေးရမယ်တောင်းဆိုထားတယ်။ ဒီနေရာက မြေတွေက ကာလတန်းဖိုးအားဖြင့်ဆိုရင် အမျိုးအစားများစွာရှိတယ်။ လမ်းမ အနီးက မြေတွေဆိုရင် တစ်ဧကကို သိန်း ၂၅၀၀ လောက်အထိတန်ဖိုးရှိတယ်” ဟု ပြောသည်။

မြေပိုင်ရှင်များအနေဖြင့် ဗဟိုလယ်ယာမြေက ချမှတ်ထားသော မူဝါဒ ၅၂ ချက်နှင့်အညီ မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီးမှ အစိုးရသတ်မှတ်ထားတဲ့ ဥပဒေပြဌာန်းချက်နှင့်အညီ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပေးရန် တောင်းဆိုလိုကြောင်း ၎င်းက ဆက်ပြောသည်။

ကျေးတောမှ လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးလှထွန်းမောင်ကလည်း “ အစိုးရအဖွဲ့က ကွင်းဆင်း စစ်ဆေး တာတွေလည်း တစ်ခါမှ မရှိဘူး။ လယ်တစ်ဧကကို သိန်း ၃၀ ပေးဖို့ဆိုတာကို ကျနော်အတို့နေနဲ့ လက်ခံနိုင်စရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စက်မှုဇုန်ဆောက်မလို့ သိမ်းထားတဲ့မြေမှာ စက်မှုဇုန် အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေက အကွက်ကျကျနဲ့ တစ်ဆင့်ခံ ရောင်းစား နေတာတွေကို တွေ့ရတယ်။ ပေတစ်ရာ/ နှစ်ရာ ပတ်လည်တစ်ကွက်ကိုက ဘယ်လောက်နဲ့ ရောင်းချနေတယ်ဆိုတာကို ကျနော်တို့လည်း မြင်နေ၊ ကြားနေ၇တာပါဘဲ။ ဒါကြောင့် ဒီငွေ သိန်း ၃၀ ပေးဖို့ဆိုတာကို ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး ” ဟု ပြောသည်။

အဆိုပါ မြေကွက်များနှင့် ပတ်သက်ပြီး ပြောဆိုဝေဖန်မှုများ ရှိနေပြီး  ပြဿနာဖြစ်နေသဖြင့် ၇ခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က မေလ ၁၈ ရက်နေ့ကကျင်းပသော ဒုတိယ အကြိမ်မြောက် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းဝေး ပထမနေ့တွင် အဆိုပါ လယ်မြေများအား ကျေးရွာနှင့် မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးပေးရန် အစီအစဉ် ရှိ/ မရှိ ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော်တွင် လာရောက် ဖြေကြားရာတွင်  “စစ်တွေမြို့၊ ဆတ်ရိုးကျ (စက်မှုဇုံရပ်ကွက်) အတွင်းမှ ဦးလှထွန်းပါ (၂၃) ဦးတိုင်ကြားသည့် မြေဧရိယာ (၁၄၂. ၄၉ရ) ဧကအား ပြည်နယ်အစိုး၇မှ တစ်ဧကလျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် လျော်ကြေးပေးရန်ဆုံးဖြတ်ထားပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်အရလည်း ကာယကံရှင်များနှင့် ဆက်သွယ်လျက်ရှိသည်ကို တွေ့ရှိ၇ပါကြောင်း ” ဖြေကြားခဲ့သည်။

၎င်းပြင် ဒုဝန်ကြီးက စက်မှုရပ်ကွက် ဖော်ဆောင်ရာတွင် ပါဝင်သည့် သိမ်းဆည်းခံလယ်မြေများနှင့် စပ်လျဉ်းပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ စီမံကိန်းအကောင်အထည်ဖော်မှု၊ နစ်နာကြေး၊ လျော်ကြေးအတွက် စီစဉ်မှုများကို ဆောင်ရွက်သွားရန် လိုအပ်မှုရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ 

စစ်တွေမြို့ စက်မှုရပ်ကွက်အတွင်းရှိ သိမ်းဆည်းခံထား၇သည့် မြေဧက ၁၄၂ ဒသမ ၄၉၇ သည် စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာနှင့် ကျေးတောကျေးရွာအုပ်စုတို့မှ လယ်သမား (၂၃)ဦး၏ လယ်ယာမြေများဖြစ်သည်။ 

အဆိုပါ လယ်မြေဧကများကို ၁၉၉၄- ၁၉၉၅ ခုနှစ်က စစ်တွေမြို့တွင် စက်မှုဇုန်ရပ်ကွက် ထူထောင်ရန်အတွက် အစိုး၇က သိမ်းယူခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ (၃၉)အရ လယ်ယာမြေအခြားနည်း အသုံးပြုခွင့်ဆောင်ရွက်ခဲ့သည့် မြေဧရိယာ (၃၀၃.၆၉ရ) ဧကအတွင်းတွင် ပါဝင်ခဲ့သော လယ်မြေများအဖြစ် စိစစ်တွေ့ရှိရကြောင်း ဒုဝန်ကြီးပြောဆိုခဲ့ချက်အရ သိရှိ၇သည်။


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.