Preview

၇ခိုင်ပြည်နယ်မှ နံ့သာကျွန်းနှင့်မေယုမြစ်၀ဧရိယာအချို့ကို ကမ္ဘာ့ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြု

မေ ၂၃/ ၂၀၂၀ | ကြည့်ရှုသူ :8503
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေလ ၂၃/ ၂၀၂၀

စစ်တွေမြို့နယ်နှင့် ၇သေ့တောင်မြို့နယ်အကြား နံ့သာကျွန်းနှင့် မေယုမြစ်၀ဒေသမှဧရိယာအချို့ကို ကမ္ဘာ့ရမ်ဆာရေဝပ်ဒေသအဖြစ် မေလ ၂၂ ရက်နေ့က သတ်မှတ်ကြေငြာလိုက်သည်ဟု သတင်းရရှိသည်။

သို့အတွက် နံ့သာကျွန်းနှင့် မေယုမြစ်၀ဒေသသည် ရခိုင်ပြည်နယ်၏ ပထမဦးဆုံး ကမ္ဘာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသဖြစ်လာခဲ့ပြီး  မြန်မာနိုင်ငံအတွက် (၆) ခုမြောက်ဖြစ်ကြောင်း သိရှိ၇သည်။ 

၇ခိုင်ပြည်နယ် ဇီ၀ မျိုးစုံမျိုးကွဲနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ အတွင်းရေးမှူး ဦးရန်နိုင်စိုးက “ရမ်ဆာဒေသဆိုတာက ကမ္ဘာ့ရေဝပ်ဒေသကို ပြောတာပေါ့နော်။ တစ်နိုင်ငံက တစ်နိုင်ငံကို ရွှေ့ပြောင်းလာတဲ့ သားငါးတိရစ္ဆာန်တွေအတွက် အရမ်းအရေးကြီးတဲ့ နေထိုင်ကျက်စားရာ ရေဝပ်ဒေသနေရာတွေကို ခေါ်တာပါ။ အဓိက ရမ်ဆာ ရေဝပ် ဒေသလို့ သတ်မှတ်မယ်ဆိုရင် ဒီရေကျသွားတဲ့အချိန်မှာ အဲဒီ ဒီရေက ၁၈ ပေထက် မနက်ရဘူး။ အဲဒါကိုမှ ရေဝပ်ဒေသလို့ သတ်မှတ်တယ်။ ဒီကျွန်းမှာက ဒီရေကျသွားရင် ၃ ပေလောက်ပဲ ရှိတော့တာ။ အဲဒါကြောင့် ရေဝပ်ဒေသမှာ စံချိန်စံညွှန်းမှီတယ်ပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

သတ်မှတ်ခံ၇သည့် အထဲတွင် ပါဝင်သည့် နံ့သာကျွန်းသည် စစ်တွေမြို့၏ အနောက်ဘက် မေယုမြစ်၀ဒေသ၌ တည်ရှိပြီး လူသူ အလာနည်းပါးသော ကျွန်းတစ်ကျွန်းဖြစ်ကြောင်း ဦးရန်နိုင်စိုးက ပြောသည်။

စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း ကျရောက်နေသည့် နံ့သာကျွန်းနှင့် မေယုမြစ်၀ ဧရိယာများ အနက်မှ ၃,၆၀၈ ဟတ်တာ (၈၉၁၅.၅၆ဧက) တွင် ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် (Critically Endangered-CR)ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက်  (Spoon-billed Sandpiper) အတွက် ဒုတိယ အရေးကြီးဆုံး ဆောင်းခိုနေရာဖြစ်ခြင်း၊ ယင်းငှက်မျိုးစိတ်၏ ကမ္ဘာ့ကောင်ရေ (၅) ရာခိုင်နှုန်းမက လာရောက် ဆောင်းခိုလေ့ရှိခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော (Endangered) ငှက်မျိုးစိတ်များဖြစ်သည့် Great Knot နှင့် Nordmann Greenshank တို့အတွက် အရေးကြီးသည့် နေရာဖြစ်ခြင်းနှင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် (Critically Endangered-CR) ဖြစ်သည့် ပြင်သာလိပ် (Green Turtle)၊ မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ် (Vulnerable) ဖြစ်သည့် လိပ်စောင်းလျား (Leatherback Turtle) နှင့် လိပ်လှောင်း (Olive Ridley Sea Turtlre) တို့အတွက် အရေးပါသည့် ကျက်စားနယ်မြေနှင့် သားပေါက်ရာ နေရာဖြစ်ခြင်းတို့ကြောင့် ရမ်ဆာကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးသို့ နံ့သာကျွန်းနှင့် မေယုမြစ်၀အား ရမ်ဆာရေဝပ်ဒေသအဖြစ် အတည်ပြုသတ်မှတ်ပေးရန် သစ်တောဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း၊ ထိုဆောင်ရွက်ချက်အရ ရမ်ဆာကွန်ဗင်းရှင်း အတွင်းရေးမှူးရုံးက နံ့သာကျွန်းနှင့် မေယုမြစ်၀အား ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၂) ရက်နေ့တွင် ရမ်ဆာရေဝပ်ဒေသ (Ramsar Site No.2421)အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ၎င်းရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ နံ့သာကျွန်းသို့ ပင်လယ် လိပ် ၄ မျိုးခန့်မှာ နှစ်တိုင်းလိုလို လာရောက် မျိုးဥများ ဥခြင်း၊ ကမ္ဘာ့ အရှားပါးဆုံး မျိုးစိတ်တစ်ခုဖြစ်သည့် ရေညှောက်နှုတ်ဝိုင်းငှက်များနှင့် သောင်းနှင့်ချီသည့် ဆောင်းခိုငှက်များ နှစ်တိုင်းလာရောက် ကျက်စားကြကြောင်း ဦးရန်နိုင်စိုးက ဆက်ပြောသည်။

“၂၀၀၈ ခုနှစ်ကတည်းက စံချိန်မီဖို့အတွက် အဲဒီနေရာကို ထိန်းသိမ်းရေးတွေ လုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ အသင်းနဲ့ ရန်ကုန်မှာရှိတဲ့ ဘန်ကာအသင်းတို့က ပူးပေါင်းပြီးတော့ နေပြည်တော်ကို တစ်ဆင့် တင်ပြ၇တာပေါ့။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ပြည့်စုံဖို့အတွက် အချက် ၉ ချက်နဲ့ ပြည့်စုံဖို့ လိုတယ်။ ဒီရေကျရင် ရေ ၁၈ ပေထက် မနက်ရဘူး။ ဒါမျိုးတွေပေါ့။ ရခိုင်ပြည်မှာ ဒီလိုမျိုးသတ်မှတ်ခြင်းခံရတာ ဒါက ပထမဆုံးပါ။ အခုလို ဖြစ်မြောက် သွားတဲ့အတွက် အရမ်းဝမ်းသာရပါတယ်” ဟု ဦးရန်နိုင်စိုးက ဆက်ပြောသည်။

ယင်းကျွန်းတွင် ယခင်က ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ နေထိုင်ခဲ့ကြသော်လည်း  ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးဘာသာရေး ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ နေထိုင်ခြင်း မရှိတော့ကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ နံ့သာကျွန်းစ်ခုတည်း၏ ကုန်းမြေ ဧရိယာမှာ နှစ်ထောင်ခန့် ကျယ်ဝန်းပြီး ၎င်းနံ့သာကျွန်းနှင့် မေယုမြစ်၀ ရမ်ဆာရေဝပ်ဒေသအပါအဝင်  မြန်မာနိုင်ငံတွင် စုစုပေါင်းရမ်ဆာရေဝပ်ဒေသ ဧရိယာ (၂၇၈,၆၆၉ဟတ်တာ) ရှိလာပြီဖြစ်ကြောင်း သိရှိ၇သည်။

(ဓာတ်ပုံ- Myanmar Biodiversity Information) 


#သဘာဝပတ်ဝန်းကျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.