ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမြို့ နာဇီရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 3.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင် အသက် (၄ဝ)နှစ်သည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဓားထိုးခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ဓားထိုးမှုဖြစ်ပွားစဉ်မှာ ဦးသိန်းလှိုင်အား စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ပန်းခြံ လမ်းထောင့်တွင် အမည်အသိသောလူနှစ်ဦးကလာရောက်ပြီး နောက်မှတစ်ယောက်ကဖမ်းချုပ်ကာ တစ်ဦးက ဓားဖြင့်ထိုးသတ်သွားခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရှိရသည်ဟု ဦးသိန်းလှိုင်၏ ညီဖြစ်သူ ကိုညွှန့်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကိုညွှန့်ဝင်းက “မှုခင်းဖြစ်တာကတော့ မနက် ၈ နာရီလောက်က ဖြစ်တာ။ သူက အဲဒီနားက ကွမ်းယာဆိုင်မှာ ကွမ်းယာစားနေကျဆိုတော့ အဲဆိုင်ကို ကွမ်းစားဖို့ဆိုပြီးသွားတာ။ အဲဒီမှာ mask တပ်ထားတဲ့ လူနှစ်ဦးက လာပြီးတော့ တစ်ဦးက နောက်ကနေဖမ်းချုပ်ပြီးတော့ နောက်တစ်ယောက်က ရှေ့ကနေပြီး ဓားနဲ့ ထိုးသတ်သွားတယ်လို့ပြောတယ်။ ဓားဒဏ်ရာကတော့ မေးစေ့၊ လည်ပင်း၊ ဝမ်းဗိုက်တို့ရရှိသွားတယ်။”ဟု ပြောသည်။

၎င်းတွင် ယခင်ကလည်း ရန်ငြိုးရန်စမရှိကြောင်း၊ သို့သော်လည်း အမည်မသိသော လူတွေက ၃ ကြိမ်၊ ၄ ကြိမ်ခန့် ဖုန်းဖြင့် ရန်ငြိုးတာတွေရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါအမှုအတွက် သက်ဆိုင်ရာကိုတိုင်းကြားပြီး ဥပဒေအရ အမှုဖွင့်သွားမည်ဖြစ်ကြောင်း ကိုညွှန့်ဝင်းက ပြောသည်။

စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ဓါးထိုးခံရ၍ သေဆုံးကြောင်းကို အတည်ပြုသော်လည်း ဒဏ်ရာဒဏ်ချက် ဘယ်နှစ်ချက်ပါတယ်ဆိုတာကို မသိရှိရကြောင်းနှင့် မျက်မြင်သက်သေများကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။


ဆက်စပ် သတင်းများ