Preview

ပလက်၀မြို့နယ် အောက်မီးလက်၀ကျေးရွာမီးလောင်၊ သက်ကြီးရွယ်အို၂ ဦးနှင့် အဆက်အသွယ်မရဖြစ်နေ

မေ ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :4668
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ၂၆/ ၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ မီးလက်၀ ကျေးရွာ (အောက်ရွာ)တွင် ယနေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်၌ နေအိမ်အများအပြား မီးလောင်နေပြီး ကျေးရွာအတွင်းတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အို ၂ ဦးနှင့် အဆက်အသွယ်မရဘဲ ဖြစ်နေသဖြင့် စိုးရိမ်နေရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

မီးလက်၀ရွာထဲတွင် ပိတ်မိကျန်ခဲ့သူ သက်ကြီးရွယ်အို လင်မယားနှစ်ဦးမှာ ဦးဝှေးပ(၉၀)နှစ်နှင့် အသက် ၈၀ ကျော်အရွယ် ဇနီးသည်တို့ဖြစ်သည်ဟု ပလက်၀မြို့၊သာယာကုန်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် မီးလက်၀ကျေးရွာသား ဦးကျော်ခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

ခန့်မှန်းခြေ နေအိမ် ၅၀ ကျော်မှာ မီးလောင်ပြာကျနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။  

“ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ မီးငြိမ်းဖို့သွားတဲ့ ကျွန်တော်တို့ ရွာသားတွေ ချောင်းကိုဖြတ်တော့ စက်လှေတွေကို ရွာအပေါ်ဖက်ကုန်းထက်ကနေ သေနတ်တွေနဲ့ပစ်တယ်။ ကျွန်တော်တို့ရွာက ထွက်ပြေးတုန်းက ရွာမှာ ကျန်ခဲ့တဲ့ အဖိုးအိုလင်မယားတော့ ပါသွားပြီထင်ပါတယ်။ သူတို့လင်မယားမှာ သားတစ်ယောက်တော့ရှိတယ်။ သူနဲ့ဆက်သွယ်နေတယ်”ဟု သူကပြောသည်။

မီးလက်၀ကျေးတွင် အထက်မီးလက်၀ရွာနှင့် အောက်မီးလက်၀ရွာဟု နှစ်ပိုင်းခွဲထားပြီး လက်ရှိ မီးလောင်နေသည့် အောက်မီးလက်၀ကျေးရွာတွင် ခူမီးလူမျိုးများနေထိုင်ပြီး အိမ်ခြေ ၁၂၉ ဆောင်ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ မီးကဆက်လောင်နေသေးတယ်။ ဒီတိုင်းသာလောင်နေရင် တစ်ရွာလုံးလောင်သွားမှာပါ။ ကျွန်တော် ပြောချင်တာက တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ရွာတွေကို မီးမရှို့စေချင်ဘူး။ ဒီလိုမီးရှို့လိုက်တော့ ကျွန်တော်တို့ နေရပ်ပြန်ဖို့အခွင့်အရေးမရှိတော့ဘူးပေါ့ဗျာ” ဟုဆက်ပြောသည်

တပ်ရင်း(၂၈၉) ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအနီးတွင် ပစ်ခတ်မှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် အမှတ် ၁၂ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်က“ မီးလောင်နေတာဟုတ်ပါတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတချို့ကျန်ခဲ့တယ်လို့သိရတယ်။ မီးဘယ်လို လောင်တာလဲဆိုတာနဲ့ အိမ်ဘယ်နှစ်ဆောင်လောင်နေတာလည်း အတိကျ မသိရသေးဘူး။ အခုထိ လောင်နေတုန်းပဲမို့လို့ပါ။  ရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေအခြေအနေကိုလည်း မသိရသေးဘူး။ အဆက်သွယ်လုပ်နေတုန်းပဲရှိပါသေးတယ်” ဟု ယနေ့ ညနေ ၅ နာရီခွဲခန့်က အတည်ပြုပြောကြားသည်။

မီးလက်၀ကျေးရွာသားများမှာ ဧပြီလ ၁ရက်နေ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသဖြင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြပြီး ပလက်၀မြို့ရှိ သာယာကုန်စစ်ရှောင်စခန်းတွင် ခိုလှုံနေကြကြောင်း သိ၇သည်။

မီးလက်၀ကျေးရွာတွင် အထက်မီးလက်၀၌ အိမ်ထောင်စု(၂၂၉)စု၊ အောက်မီးလက်၀တွင်(၁၂၉)စု ရှိကြောင်း သိ၇သည်။

(Photo by Mizzima)


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.