သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် လူမှုရေးဆောင်ရွက်နေသူတစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ မေ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးကျော်အေးသန်း (၄၅) နှစ် ဖမ်ဆီးခံရသည်ဟု သတင်းရရှိသည်။

သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးက “ ဖမ်းတာမှန်ပါတယ်။ မနေ့က နေ့လယ် ၁ နာရီလောက်မှာ ကျောက်ဖြူမြို့အဝင် ကျောက်တစ်လုံးဂိတ်မှာ စစ်တပ်က ဖမ်းတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းတယ်လို့ မသိရသေးဘူး။ အခုက မိသားစုနဲ့ပါ အဆက်အသွယ်ပြတ်နေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်ဖြူမြို့ အစိုးရ ရပ်ကွက်ရှိ ဦးကျော်အေးသန်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ပြောဆိုသည်။ 

အစိုးရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ ဦးကျော်အေးသန်း ဖမ်းဆီးခံရခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ တပ်က ဖမ်းတာပါ။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မပြောပါ။ စစ်ဆေးစရာ ရှိတယ်လို့ဘဲ ပြောပါတယ်။ မနေ့က သူ့အိမ်ကို ရှာဖွေတာလည်း မှန်ပါတယ်။ ပါတာက တပ်ရယ်၊ ရဲရယ်၊ ရယက တွေပါပါတယ်” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဦးကျော်အေးသန်းသည် ကျောက်ဖြူ မထသ ဥက္ကဋ္ဌ ဖြစ်ပြီး လက်ရှိ ကျောက်ဖြူမြို့ Covid 19 ကာကွယ်ရေးအတွက် ကျောက်ဖြူအဝင် ပွိုင့်စစ်ဆေးရေး ဂိတ်တွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

မိသားစုများနှင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပါ။ ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ 

အလားတူ ကျောက်ဖြူမြို့နယ် မလကျွန်းမှ ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးခံရ ကြောင်း သတင်းရရှိသည်။ 

 


ဆက်စပ် သတင်းများ