Preview

မြေပုံမြို့နယ်တွင် ချင်းအမျိုးသားတစ်ဦး မြေမြုပ်မိုင်းပေါက်၍ သေဆုံး

မေ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :966
ရခိုင် သတင်း

နိရဥ္စရာ၊ မေ ၂၈/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုဆနွင်းအုပ်စု၊ တောင်ပြင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ချင်းလူမျိုး တစ်ဦး ယမန်နေ့က မြေမြုပ်မိုင်းပေါက်ကွဲ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ တောင်ပြင်ရွာမှ ကိုသန်းမြင့်ဆန်း ဟု သိ၇သည်။

ယိုဆနွင်းကျေးရွာ အရပ်လူကြီး တစ်ဦးက “ သူနဲ့ နောက်တစ်ယောက်က ရွာအနီးက စေတီတောင်လို့ ခေါ်တဲ့ တောင်ကို သွားကြရာကနေ တောင်ပေါ်မှာ မိုင်းပေါက်တယ်လို့ သိ၇ပါတယ်။ ဖြစ်တာက မနေ့က မနက် ၁၁ နာရီကျော်လောက်လို့ သိ၇ပါတယ်။ အဲဒီမှာ မိုင်းပေါက်ပြီး သေတာပါ” ဟု ပြောကြားသည်။ 

အလောင်းအား မနေ့က တောင်ပြင် ရွာတွင် ရှိနေပြီး ၎င်းရွာသို့ မသွားဖြစ်သေးသဖြင့် အသေးစိတ်ကို မပြောပြနိုင်သေးဟု ယိုဆနွင်းကျေးရွာ အရပ်လူကြီးက ပြောသည်။ 

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ၏ သတင်း ထုတ်ပြန်ချက်တွင် သေဆုံးသူမှာ ဦးထွန်းမြင့်ဆန်း (၂၅) နှစ် ဖြစ်ပြီး သူနှင့်အတူ သွားသူမှာ ဦးထိန်လင်း (၃၀) နှစ် ဖြစ်ကြောင်း ဖေါ်ပြသည်။

သူတို့ နှစ်ဦးသည် မေလ ၂၇ ရက် နံနက်  ( ၁၁) နာရီခန့်တွင် သစ်ခုတ်ရန် တောထဲသို့သွားနေစဉ် တောင်းကုန်းတစ်ခုအရောက်တွင် မိုင်းထိခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ 

 “ သစ်ရှာဖို့ တောင်ကိုနှစ်ယောက် တက်ကြတယ်။ အစတုန်းက ကျွန်တော်သူရှေ့ကသွားပါ။ ဒါပေမယ့် သူက ကျွန်တော့်ကို နောက်ကျတယ်ဆိုလို့ပြောပြီး ကျွန်တော့်ရှေ့ကသွားတယ်။ သူက ကျွန်တော်နဲ့ ခြောက်ပေ အကွာရောက်တော့ မိုင်းနင်းမိပြီး ခြေနှစ်ဖက်စလုံး မရှိတော့ဘူး။ အသက်တော့ရှိသေးတယ်။ သူ့ကို ကျွန်တော် တစ်ယောက်တည်း မသယ်နိုင်လို့ ရွာကလူတွေကို သွားခေါ်တယ်။ ဒါပေမယ့် အပြန်လမ်းမှာ သူသေသွားခဲ့ပါတယ်” ဟု မိုင်းပေါက်ကွဲသည့်အချိန် အနီးတွင်ရှိနေသော ဦး ထိန်လင်းက ပြောကြောင်း အဆိုပါ ကျောင်းသားအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

သေဆုံးသွားသည့် ဦးထွန်းမြင့်ဆန်းတွင် ဇနီးနှင့် သမီးနှစ်ယောက်ကျန်ရစ်ခဲ့ကြောင်း သိသည်။


#မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.