သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေစက်ရုံစု(နာဇီ)ရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ဖမ်းဆီးခံရသူကို ပုဒ်မ (၃ဝ၁) ဖြင့် အမှုဖွင့်ရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေလ ၂၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစု (နာဇီ) ရပ်ကွက်တွင် မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် ၎င်းရပ်ကွက်မှ ဦးစိန်လင်း (၃၅) နှစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

ယနေ့ နေ့လယ် ၂ နာရီတွင် စစ်တွေမြို့နယ် တရားရုံးတွင် ၎င်းဦးစိန်လင်းကို လူသတ်မှု ပုဒ်မ (၃ဝ၁) ဖြင့် အမှုဖွင့် ရမန်ယူကြောင်း မိသားစုများက ပြောသည်။

ဦးစိန်လင်းသည် စိတ်မနှံ့သူ တစ်ဦးဖြစ်ပြီး စက်ရုံစု (နာဇီ) ရပ်ကွက်မှ တခြားလူလေးဦးနှင့် အတူ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ဦးသန်းတင်၏ စာသင်ဆောင်တွင် ဆောက်လုပ်ပေးနေသူ ဖြစ်ကြောင်း၊ မေလ ၂၅ ရက်နေ့က ဦးစိန်လင်းသည် ၎င်းဆောက်လုပ်နေသည့် အဆောင်တွင် နေ့လယ်ချိန် အိပ်ပျော်နေစဉ် ရဲဝန်ထမ်းများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အငြိမ်းစားကျောင်းဆရာမ ဒေါ်ဦးသန်းတင်က ပြောသည်။

ဒေါ်ဦးသန်းတင်က “စက်ရုံစုရပ်ကွက်မှာ ရှိတဲ့ ကလေးတွေကို အခမဲ့စာသင်ပေးမယ်ဆိုပြီး စာသင်ဆောင်တစ်ခု စိန်လင်းတို့ကို လုပ်ခိုင်းထားတာပါ။ သူက စိတ်မနှံ့ဘူး။ ရွာသာကြီးက ရောက်လာတာတောင် မကြာသေးပါဘူး။ လက်မှတ်တောင် ရှိပါတယ်။ သူ့ကို ဖမ်းပြီးတဲ့နောက် ကျွန်မကို စစ်ဆေးဖို့ ရဲစခန်းကို ခေါ်ပါတယ်။ ကျွန်မကို စစ်ဆေးတဲ့ ရဲတွေကို စိန်လင်းကို ဘာလို့ဖမ်းတာလဲ မေးတော့ သူတို့လည်း မသိဘူး အထက်က လူကြီးတွေ ဖမ်းခိုင်းလို့ ဆိုပြီး ပြောတယ်။သူ့ကို ဖမ်းသွားတဲ့ အချိန်က ကျွန်မက အပြင်ကို ရောက်နေတာပါ။ အိမ်ရောက် လာတော့ မြင်လိုက်တဲ့ လူတွေက ရိုက်နှက်ပြီးတော့ ခေါ်သွားတယ်လို့ ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးစိန်လင်းအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၃ဝ၁ လူသတ်မှုဖြင့် တရားစွဲဆိုထားကြောင်း၊ သို့သော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး အသတ်ခံရမှုနှင့် ဆက်စပ်မှု ရှိ/မရှိကို ရဲက မပြော၍ မသိရကြောင်း ဦးစိန်လင်း၏ အစ်မတော်စပ်သူ ဒေါ်သာနှင်းအေးက ပြောသည်။

ဒေါ်သာနှင်းအေးက “ ၃ဝ၁ ပုဒ်မနဲ့ တရားစွဲထားတယ်လို့ ပြောပါတယ်။ ဘယ်သူက ဘာကြောင့် စွဲမှန်းလည်း မသိရဘူး။ ရဲစခန်းမှာ မေးတော့လည်း သူတို့ မသိဘူးပြောတယ်။ စခန်းမှူးကလည်း တိတိကျကျ မပြောဘူး။  ဘာကြောင့် ဆက်ဖမ်းထားမှန်းလည်း မသိပါဘူး။ သူမလေးရှားက ရောက်ကတည်းက စိတ်မနှံ့ဖြစ်သွားတာပါ။ ကျွန်မတို့က ရှေ့နေလည်း ဆင်းရဲတော့ မငှားနိုင်ဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး အသတ်ခံရမှုနှင့် ဆက်စပ်ပြီး ဦးစိန်လင်းအား ဖမ်းဆီးခြင်း ဟုတ်/မဟုတ်ကို စစ်တွေမြို့မရဲစန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိ၍ ဦးစိန်လင်းအား ဖမ်းဆီးခြင်း အကြောင်းအရင်းကို တင်ပြနိုင်ခြင်း မရှိသေးပါ။ 

ဦးစိန်လင်းမှာ စစ်တွေမြို့ စက်ရုံစု (နာဇီ) ရပ်ကွက်တွင် တဲအိမ်ဆောက်ကာ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး သူ၏ ဇာတိမှာ ပုဏ္ဏားကျွန်းမြို့နယ် နတ်ချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

စက်ရုံစု (နာဇီ) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်အား မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မောလိပ်ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ပန်းခြံ လမ်းထောင့်တွင် အမည်အသိသော လူနှစ်ဦးကလာရောက်ပြီး နောက်မှ တစ်ယောက်ကဖမ်းချုပ်ကာ တစ်ဦးက ဓားဖြင့်ထိုးသတ်ခဲ့၍ ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ