- Web Master
- ၂၃ မတ် ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၂၈/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာမှ ဦးသာထွန်းအေး (၅၄) နှစ်သည် ယနေ့ နေ့လယ် ၂ နာရီ ခန့်က ကျေးရွာအနီးမှ စပ်ပြားတောင်ကုန်းဘက်သို့ ဟင်းခူးငါးရှာရန် သွားစဉ် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဆွေမျိုးတော်စပ်သူ ဦးသိန်းထွန်းအောင်က ပြောသည်။
ဦးသိန်းထွန်းအောင်က “ဒီအချိန်မှာက မိုးဥတုဝင်ခါစဆိုတော့ မှိုပေါက်တယ်။ အဲဒါကြောင့် မှိုရှာ ငါးရှာ သွားတာ။ အဲဒီလို သွားရင်း တောင်မှာ ဖြစ်တာပါ။ ရွာက လူတွေက မိုင်းပေါက်သံကို “ဝုန်း”ဆိုပြီး ကြားလိုက်ကြတဲ့ သူတွေ ရှိပါတယ်။ မိုင်းပေါက်ပြီးတော့ သူ့အိမ်ရှင်မဆီကို ဖုန်းဆက်လို့ ရွာကလူတွေသိကြလို့ သူ့ကို သွားယူကြတာပါ။ ကျွန်တော်တို့ အဲဒီကို ရောက်တော့ သူ့ကို ပက်လက်လန်ပြီး တွေ့တယ်။ ဘယ်ဘက် ခြေခုံပိုင်းက ပိုင်းသွားပါတယ်။ ” ဟု နိရဥ္စရာသို့ ပြောသည်။
အဆိုပါ စပ်ပြားတောင်ကုန်းမှာ ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိခြင်းဖြစ်ကြောင်း၊ မိုင်းနင်းမိသူ ဦးသာထွန်းအေးတွင် မျက်နှာ၊ ဝမ်း၊ လက်၊ ပေါင်တို့တွင်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဆက်ပြောသည်။
ဦးသာထွန်းအေးအား ယနေ့ ညနေ ၅ နာရီခွဲခန့်၌ မြောက်ဦးမြို့နယ် ပန်းမြောင်း တိုက်နယ်ဆေးရုံသို့ ယူဆောင်ခဲ့ကာ ယင်းမှတစ်ဆင့် မြောက်ဦး ဆေးရုံကြီးသို့ ယူဆောင်သွားမည်ဖြစ်ကြောင်း ရွှေကျင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။
ဦးညိုမောင်သိန်းက “မင်းပြားဆေးရုံကိုဆိုရင် အနည်းဆုံး ၄ နာရီလောက် စက်လှေနဲ့ သွားရမယ်။ ပန်းမြောင်းဆေးရုံကိုဆိုရင် ကားနဲ့ မိနစ် ၂ဝ လောက်ပဲ သွားရပါတယ်။ ဒါကြောင့် လူနာကို ပန်းမြောင်းကို ခေါ်ခဲ့ပါတယ်။ သူ့မှာက ခြေထောက် ပြတ်သွားပါတယ်။ တခြား ဒဏ်ရာတွေလည်း ရသွားပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။