Preview

အမ်းမြို့နယ်တွင် လေပြင်းတိုက်၍ သစ်ပင်ပိကျရာမှ တပ်မတော်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ၊ တစ်ခြားကျေးရွာတစ်ခုတွင်ဓမ္မာရုံတစ်ဆောင်နှင့်နေအိမ်၁၆လုံးပျက်စီး

မေ ၂၈/ ၂၀၂၀ | ကြည့်ရှုသူ :8415
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၈/ ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ ညောင်ပင်ပြိုလဲပိကျရာမှ ကင်းစောင့်နေသည့် တပ်မတော်သားတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိကာ တစ်ခြားဖြစ်စဉ်တစ်ခုတွင်ဓမ္မာရုံတစ်ဆောင်နှင့် နေအိမ် ၁၆လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ပိနေတဲ့လူတွေကိုကယ်တယ်။ ကယ်ထုတ်တဲ့အချိန်မှာ အဲဒီ တပ်မတော်သားက သေနေပါပြီ။ တပ်မတော်သားတွေဆိုတော့ ဒဏ်ရာရတဲ့သူတွေကိုလည်း တပ်ဆေးရုံကို ကားနဲ့ တင်သွားပါတယ်” ဟု အမ်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်သန်းတင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့ နံနက် ၆ နာရီ၁၅ မိနစ်ခန့်တွင် မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် အမ်းမြို့လေယာဉ်ကွင်း၊ ဂိတ်(၂)ရှိ တဲအနီးရှိ ညောင်ပင်အမြစ်လှန် ပြိုလဲကျပြီး ကင်းတဲပေါ်သို့ ပိကျခဲ့သဖြင့် တပ်မတော်သား သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများ ကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် တစ်ဦးမှာသေဆုံး နေပြီဖြစ်ကြောင်း၊ သေဆုံးသူမှာ အသက်(၄၀)အရွယ်ခန့်ရှိသည့် တပ်မတော်သား တစ်ဦး ဖြစ်ပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။  

သေဆုံးသူနှင့် ဒဏ်ရာရှိသူ များအား တပ်မတော် ကုတင်၃၀၀ စစ်ဆေးရုံသို့ ကားဖြင့် တင်ဆောင် သွားကြောင်း ၎င်းက ပြောသည်။

အလားတူ ယမန်နေ့ည ၄နာရီခွဲခန့် က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် အမ်းမြို့နယ်၊ သလူမော် ကျေးရွာတွင် ဓမ္မာရုံတစ်ဆောင်နှင့် နေအိမ် ၁၆ လုံးပျက်စီးပျက်စီးသွားကြောင်း သိ၇သည်။

ရွာဦးစေတီဓမ္မာရုံ အပြင် နေအိမ်ပျက်စီးသွားသူများမှာ  ဦးအောင်မြင့်၊ ဒေါ်ထွေးတင်၊ ဦးထွန်းလူ၊ ဦးမောင်ကြီးချေ၊ ဦးအောင်ညွှန့်ဦး၊ ဒေါ်သန်းကြည်ချေ၊ ဦးထွန်းထွန်းမြင့်၊ ဦးသန်းဝင်းထွန်း၊ ဦးဝင်းမောင်၊ ဦးအောင်တင်သိန်း၊ ဒေါ်အေးဇာနီ၊ ဦးမောင်ဘအေး၊ ဒေါ်သိန်းခင်ကြည်၊ ဦးမောင်သောင်း၊ ဒေါ်သန်းမြင့်ချေနှင့် ဦးလှခင်အောင်တို့ နေအိမ်များဖြစ်ကြောင်း သိ၇သည်။

 “လေနဲ့ မိုးနဲ့တိုက်လာတော့ အိမ်တွေမှာ ခေါင်မိုးတွေကျွတ်၊ နံရံတွေလေနဲ့ ပါသွားတာပါ။ အိမ်တိုင်တွေ လောက်ပဲ ကျန်ပါတယ်။ နေစရာမရှိကြတော့ပါဘူး။ သူများအိမ်မှာ ကပ်ခိုနေကြရပါတယ်။ အခုတဲတွေ ဆောက်တဲ့လူက ဆောက်နေကြပါတယ်။ မဆောက်နိုင်တဲ့လူတွေ မဆောက်နိုင်သေးဘူး။ အတော် ဒုက္ခရောက်နေကြပါတယ်” ဟု နေအိမ်ဆုံးရှုံးသွားသူ ဦးအောင်ညွှန့်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

နေအိမ်ပိုင်ရှင်များမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြရသူများ ဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်ခဲများရှိကြောင်း၊ စုစုပေါင်းပျက်စီးမှု ခန့်မှန်းခြေမှာ ကျပ်သိန်း ၁၀၀ နီးပါး ခန့်ရှိကြောင်း သလူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

“အခု နေဖို့အဆင်ပြေအောင် ကိုယ်ထူကိုယ်ထနဲ့ တဲအိမ်တွေဆောက်နေကြပါတယ်။ တံငါသည် ကျေးရွာဆိုတော့ ဆင်းရဲကြတယ်။ အစိုးရကတော့ လာကူညီတာ မရှိသေးပါဘူး” ဟု သူကပြောသည်။

ရခို်ပြည်နယ်တွင် နှစ်စဉ် မိုးဦးကျ အချိန်ကာလ၌ မိုးသက်လေပြင်းများကျရောက်တတ်ပြီး တစ်ခါတစ်ရံ လေဆင်နှာမောင်းပါ ကျရောက်တတ်သဖြင့်  အိမ်များ၊ သစ်ပင်များ၊ ဓာတ်မီးတိုင်များပါ ပြိုလဲကျမှုများ ဖြစ်တတ်ကြောင်း သိရှိ၇သည်။


#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.