စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်များ အချိန်မီကျောင်းအပ်နိုင်ရေး ပညာရေးဌာနမှ ဆောင်ရွက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၉ / ၂ဝ၂ဝ

ကျောင်းများဖွင့်လှစ်ပါက စစ်ဘေးရှောင်စခန်းများမှ ပညာသင်ကြားနိုင်သည့် အရွယ် ကလေးငယ်များကို အချိန်မီ ကျောင်းအပ်နှံနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။ 

“လောလောဆယ်ကတော့ ကျောင်းတွေဖွင့်လှစ်နိုင်ရေးနဲ့ ကျောင်းသူ/ ကျောင်းသားတွေ ကျောင်းအပ်နိုင်ရေး၊ ကလေးတိုင်း ပညာသင်ကြားနိုင်ရေး အတွက် အစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေပါတယ်။ စစ်ရှောင် စခန်းတွေမှာ ရောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို နီးစပ်ရာ ကျောင်းတွေမှာ လက်ခံပေးဖို့၊ အချိန်မီ ကျောင်းအပ်နိုင်ရေးအတွက် ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ အစည်းအဝေးလုပ်ပြီး မှာကြားထားတာတွေရှိတယ်။ သူတို့တွေလည်း ပညာသင်ကြားရအောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ပညာရေးမှူး ပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းများကို တစ်လကျော်ခန့် နောက်ဆုတ်ပြီး ဖွင့်လှစ်မည် ဖြစ်ကာ  ဇူလိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်၊ သြဂုတ် ၄ ရက်နေ့တွင် အလယ်တန်းအဆင့်နှင့် သြဂုတ် ၁၁ ရက်နေ့တွင် မူလလတန်း အဆင့်တို့ကို အသီးသီး ဖွင့်လှစ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားနေသဖြင့် ကျေးရွာများကို စွန့်ခွာထွက်ပြေးနေရသည့် လက်ရှိ လူဦးရေမှာ တစ်သိန်းခွဲကျော်ရှိနေပြီး ထိုအထဲတွင် ပညာသင်ကြားနိုင်သည့် ကလေးအရေအတွက်မှာ သောင်းနှင့် ချီပြီး ပါဝင်သည်ဟု သိရသည်။ 

ပညာသင်ကြားနိုင်သည့် စစ်ရှောင်စခန်းများရောက် ကလေးငယ်များနှင့် တခြားနေရာများသို့ ရောက်ရှိနေသော ကျောင်းသူ/ ကျောင်းသားများကို စာရင်း အတိအကျကောက်ယူပြီး ပညာသင်ကြားနိုင်အောင် စီစဉ် ဆောင်ရွက် ပေးသွားမည်ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

အမည်မဖော်လိုသူ ဆရာမ တစ်ဦးက “ မနှစ်ကလည်း တိုက်ပွဲတွေကြောင့် ဟိုပြေး၊ ဒီပြေး ကျမတို့ပြေးခဲ့ရတယ်။ သင်ခန်းစာတွေကိုလည်း ပြီးစီးအောင်မပြခဲ့ရဘူး။ အဝေးတစ်နေရာမှ လာပြတဲ့ ဆရာ/ ဆရာမဆိုရင်လည်းဘဲ မလာရဲတော့ဘူး။ ကျောင်းပိတ်ထားရတဲ့ ရက်တွေများလာတော့ စာပြရတာက သင်ခန်းစာတစ်ခုနှင့် တစ်ခု အချိတ်အဆက် မမိတော့ဘူး။ တအားကြီး ဒုက္ခရောက်တယ်။ ဒီနှစ်လည်း မနှစ်ကလိုမျိုးကြုံလာမယ်ဆိုလိုရှိရင် ပညာရေးအပိုင်းမှာတော့ တအားကြီး ဆိုးဆိုးဝါးဝါးထိခိုက်နိုင်တယ်။ ဒါကြောင့် ကြိုတင်စီမံကိန်းတွေ ရေးဆွဲချမှတ် လုပ်ဆောင်ဖို့ လိုပါတယ်”ဟု ပြောသည်။ 

ယမန်နှစ်ကကဲ့သို့ ဒေသမတည်မငြိမ်မှုများ ထပ်မံဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာသည့် ဒေသအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမည်ဟု ပညာရေးမှူးက ဆက်ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲ ဖြစ်ပွားရာ ဒေသအတွင်းရှိ ကျေးရွာအများအပြားမှ စာသင်ကျောင်းများကို တိုက်ပွဲများကြောင့် သင်ခန်းစာမပြီးမီ ပိတ်ထားခဲ့ရသည်။ ကလေးငယ် အများအပြားမှာလည်း တိုက်ပွဲများကြောင့်  စာသင်ခန်းနှင့် ဝေးခဲ့ကြရသည်။ 


ဆက်စပ် သတင်းများ