Preview

သဇင်မြိုင်စခန်းတိုက်ခိုက်ခံရပြီးနောက် နောက်ထပ်တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်၍ ဒေသခံပြည်သူများ ဘေးလွတ်ရာကိုထွက်ပြေး

မေ ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :1672
ရခိုင် သတင်း

နိရဥ္စရာ၊ မေ ၃၀/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်စခန်း တိုက်ခံရပြီး တစ်ရက်အကြာ ယနေ့နံနက် ၁၁ နာရီကျော်ခန့်က အောင်ဇေယျ အတွင်းပြင်ဘက်မှ ပေါက်ကွဲသံနှင့် အတူ သေနတ်ပစ်သံများကြားရသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသခံကျေးရွာသားများ ရွာကို စွန့်ခွာထွက်ပြေး နေကြသည်ဟု သတင်းရရှိသည်။ 

ထွက်ပြေးနေကြသော ကျေးရွာများမှာ သဇင်မြိုင်၊ ပိတောက်မြိုင်၊ အောင်ဇေယျ၊ အတွင်းပြင်၊ ချွတ်ပြင်သာမက  (ပ) အိုးသည်မ၊ စက်ခေါ်၊ ငွေတောင် ( ငလှမ်းပြင်)၊ ကျိန်ကျောင်၊ မာန်အောင်၊ သာစည်၊ ဒိုးဝေရွာ စသည့် ကျေးရွာများမှလည်း ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောကြားသည်။ 

ဒေသခံ တစ်ဦးက “ အခု စစ်ကြောင်းတွေလည်း တက်လာတယ်။ ကျွန်တော်တို့ (ပ) အိုးသည်မကျေးရွာနဲ့ နောက်ဘက် တောင်ချိုင် မယူတောင်ထဲကနေ ပစ်ခတ်သံတွေကို ကြားရတယ်။ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အစပ် အတွင်းပြင်ဘက်က ကြား၇ပါတယ်။ မနက် ၁၁နာရီခွဲလောက်က ဖြစ်ပါတယ်။ အခုထိ ပစ်သံတွေကိုတော့ ကြိုးကြား ကြိုးကြား ပစ်နေသံတွေကို ကြားနေ၇ပါတယ်” ဟု ယနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်က ပြောကြားသည်။

၎င်းပြင် တပ်မတော်စစ်ကြောင်းများလည်း အနီးအနားကျေးရွာများသို့ ရောက်ရှိနေကြောင်းကြားသိ၇၍ ထွက်ပြေးနေကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ အောင်ဇေယျ၊ အတွင်းပြင်၊ ချွတ်ပြင်၊ (ပ) အိုးသည်မ၊ စက်ခေါ်၊ ငွေတောင် ( ငလှမ်းပြင်) စတဲ့ရွာတွေက လူတွေက ဖက်လိပ်၊ စေတီပြင်ဘက်ကို ပြေးပါတယ်။ ကျိန်ကျောင်၊မာန်အောင်၊ ဒိုးဝေ၊ သာစည် ဘက်ကတော့ ဘူးသီးတောင်မြို့နယ် သည်ကံခွဆုံဘက်ကို ပြေးကြပါတယ်” ဟု ပြောကြားသည်။ 

နောက်ထပ် ဒေသခံ တစ်ဦးက “ ဒီဘက်က တောင်နားတစ်လျှောက် ရွာတွေကတော့   မနေ့တည်းက ပြေးကြတယ်။  စက်ခေါ်နဲ့ ငွေတောင်ရွာဘက်က လူတွေကတော့ မြစ်ထဲကနေ ဇက်သင်္ဘောနဲ့ စစ်ကြောင်း တွေ တက်လာတယ်ဆိုပြီး ပြေးကြပါတယ်။ ပြေးတာကတော့ ဖက်လိပ်၊ စေတီပြင်ဘက်ကို ပြေးကြပါတယ်။ ကျွန်တော်တို့ ရွာအနီးဝန်းကျင်မှာတော့ ရွာကနေ ထွက်ပြေးတာ ၁၀၀၀ ကျော်လောက်ရှိပါတယ်။ ဟိုဘက်က လူတွေ အရေအတွက် ဘယ်လောက်လဲဆိုတာ ခန့်မှန်းမတတ်ပါ” ဟု ပြောကြားသည်။ 

၎င်းပြင် ရသေ့တောင်မြို့နယ် သမီးလှ ကျေးရွာတည့်တည့် မေယူမြစ်ထဲတွင် ဇက်ရေတပ် ကမ်းထိုးရေယာဉ် နှစ်စီးရောက်ရှိနေသဖြင့် မေယူဖြစ် အရှေ့ဘက်ကမ်းမှ သမီးလှ၊ ရက္ခူတိုင်၊ ဇေယျာမြိုင်၊ အိုးဖောက်၊  ဆင်ခုံတိုင်ဘက်က ကျေးရွာသားများလည်း ထွက်ပြေးနေကြသည်ဟု သတင်းရရှိကြောင်း ပြောသည်။ 

ယမန်နေ့ မေလ ၂၉ ရက်နေ့ ညဉ့်အစောကြီး အချိန်က သဇင်မြိုင် နယ်ခြားစောင့်ကင်းစခန်းကို AA က ဝင်တိုက်ပြီးနောက် စစ်ကြောင်းများ တက်လာသဖြင့် ၎င်းစစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ဒေသခံ ရွာသားများ ထွက်ပြေးနေကြသည်ဟု ၎င်းက ပြောကြားသည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်သို့ ဆက်သွယ်ရာ သဇင်မြိုင်နယ်ခြားစောင့် စခန်းအနီးတဝိုက်ရှိ ကျေးရွာသားများ နောက်ထပ်တိုက်ပွဲများကို စိုးရိမ်၍ ထွက်ပြေးနေကြသည်ဟု သတင်းရရှိကြောင်း၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ ဘူးသီးတောင်နယ်စပ်မှ အောင်ဇေယျတို့ ပါဝင်ကြောင်း၊ မေယူမြစ် အရှေ့ဘက်ကမ်း သမီးလှ၊ အိုးဖောက်ရွာများဘက်မှ ထွက်ပြေးနေကြသည် ဆိုသည့် သတင်းကို မရရှိသေးကြောင်း ပြောကြားသည်။ 


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.