သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဖမ်းဆီးခေါ်ဆောင်ခံရသည့် တောင်ကုတ် ချက်ဖောက်ရွာသား ၅ ဦး မိသားစုနှင့် အဆက်အသွယ်မရသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၆ / ၂ဝ၂ဝ

ဇွန် ၁ ရက်နေ့နှင့် ၃ ရက်နေ့တွင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ကုတ်မြို့နယ်၊ ချက်ဖောက်ကျေးရွာသား ၅ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။  

ဇွန်လ ၁ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၃ ဦးမှာ ချက်ဖောက်ရွာမှ ဦးကံဇော် (၄၄)နှစ်၊ ဦးနိုင်ချေ (၂၆)နှစ် မောင် နိုင်နိုင်လင်း (၁၈) နှစ်တို့ဖြစ်ကြသည်။

နောက်ထပ် နှစ်ဦးကို ဇွန် ၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ယင်းတို့မှာ ဦးကျော်တင်အောင် (၃၇) နှင့် မောင်ငမိုး (၁၈) နှစ် တို့ဖြစ်ကြသည်ဟု ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

" ဇွန် ၁ ရက်နေ့ မနက်ပိုင်းက သုံးဘီးနှစ်စီးနှင့် မအီမြို့ကိုစျေးပြုဖို့သွားကြတာ မိန်းမ၊ ယောကျာ်း လူပေါင်း ၃ဝ လောက်ရှိတယ်။ ဒီရွာကလူတွေက မအီက စျေးပြုပြီးတော့ စားသောက်နေကြ။ အဲဒီ သုံးဘီးဆိုင်ကယ်နှစ်စီးကိုဖမ်းတယ်။ ဖမ်းပြီးတော့ ရဲစခန်းကိုခေါ်သွားတယ်။ ကျန်တဲ့လူတွေကို ညနေပိုင်းမှာလွှတ်ပေးလိုက်ပြီး သူတို့သုံးယောက်ကို ဖမ်းသွားတယ်။ သူတို့က ဦးကံဇော်၊ ဦးနိုင်ချေနဲ့ မောင်နိုင်နိုင်လင်းတို့ ဖြစ်ကြပါတယ်” ဟု ၎င်းက ပြောသည်။ 

ဇွန် ၃ ရက်နေ့ မနက်ပိုင်းတွင်လည်း  တပ်မတော် စစ်ကြောင်း တစ်ကြောင်း ဝင်ရောက်လာပြီး ရွာသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

“  ရွာထဲကိုဝင်လာတယ်။ အင်အား တစ်ရာကျော်လောက်ပါတယ်။ ရွာသားတွေက ကြောက်လန့်ပြီး ပုန်းနေကြတယ်။ ဦးကျော်တင်အောင်နှင့် ငမိုးကိုတော့ ရွာမှာတွေ့လို့ သူတို့က ဖမ်းယူသွားတယ်။ သူတို့နှစ်ဦးကို ဘယ်ကိုခေါ်သွားမှန်းတော့မသိဘူး။ တစ်ရက်နေ့က ဖမ်းသွားတဲ့ သုံးယောက်တော့ မအီရဲစခန်းမှာ ရှိတယ်လို့သိရတယ်" ဟု ပြောသည်။

ထိုသို့ ပထမ ၃ ဦးကို မအီရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ပြောဆိုသဖြင့် မအီရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ချက်ဖောက်ကျေးရွာမှ ဖမ်းဆီးထားသူ တစ်ယောက်မှ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးလည်းဖြစ်၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းမြင့်သို့ ဆက်သွယ်ရာ ၎င်းသတင်း သူမရရှိဟု ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်များကြောင့် ယခုအချိန်တွင် ကျေးရွာသားများမှာ စိုးရိမ် ကြောက်လန့် နေကြသည်ဟု ၄င်းမှဆက်လက်ပြောကြားသည်။

ချက်ဖောက်ကျေးရွာတွင် အိမ်ခြေ ၄ဝဝ နီပါးရှိပြီး မအီနှင့်ဆိုလျှင် ၃ မိုင်ခန့်ကွာဝေးကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ