Preview

ရသေ့တောင် သမီးလှရွာသစ်မှ ဒေသခံတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ဇွန် ၀၆/ ၂၀၂၀ | ကြည့်ရှုသူ :4366
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၆/ ၂၀၂၀

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်ကျေးရွာမှ ဒေသခံတစ်ဦးကို ယမန်နေ့ နံနက် ၈ နာရီက တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ သမီးလှရွာသစ်ကျေးရွာမှ ဦးကျော်ကျော်လှိုင် (၃ရ) နှစ်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောသည်။

ဦးမောင်နီက “ စစ်သားတွေ လာပြီဆိုရင် ကြောက်ပြီး ရွာက အကုန်ထွက်ပြေးကြတော့တာပဲ။ အခုလည်း စစ်သားတွေ လာလို့ သတင်းရတာနဲ့ သမီးလှရွာသစ်က ရွာသားတွေ အကုန်ထွက်ပြေးကြတာ။ သူက အဲဒါ မသိဘူး။ ငါးဖမ်းရာကနေ ရွာကို ဟွန်ဒါစက်လှေနဲ့ ပြန်လာတာ။ စစ်ကြောင်းက ဇီးခေါင်းချောင်းရွာကနေ ချောင်းကူးဖို့လုပ်နေတုန်း ပက်ပင်း သွားတိုးတာ။ အဲဒီမှာ အဖမ်းခံရတာ” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးကျော်ကျော်လှိုင်ကို သူဟွန်ဒါဖြင့် ကူးတို့ အကြိမ်ကြိမ်ပို့ခိုင်းပြီးနောက် ပြန်မလွှတ်ဘဲ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ 

“ စစ်ကြောင်းက ကျွန်တော်တို့ နယ်မြေရှိ ရေစိုးချောင်းဗျူဟာက ဖြစ်ပါတယ်။  အင်အား ၁၀၀ ကျော်လောက် ရှိပါတယ်။ အခု စစ်ကြောင်းနဲ့ အတူ ဦးကျော်ကျော်လှိုင်ကို ကုလားချောင်းရွာကို ခေါ်ဆောင်သွားပါတယ်။ ပြိန်းတောနားက ကုလားချောင်းရွာပါ” ဟု ဦးမောင်နီက ဆက်ပြောသည်။

သမီးလှရွာသစ်ကျေးရွာတွင် အိမ်ခြေ ၈၂ ဆောင်နှင့် လူဦးရေ ၄၅၂ ဦးရှိပြီး ၄င်းတို့မှာ လက်ရှိ ကျေးရွာမှ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း သိ၇သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဥ္စရာမှ ဆက်သွယ်ရာ ၄င်းက သမီးလှရွာသစ်မှ ရွာသားတစ်ဦး ဖမ်းဆီးခံ၇ခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။ 

 “ ရွာသားတွေက စစ်ကြောင်းလာတာနဲ့ ထွက်ပြေးကြတာ။ သူက ချောင်းက စက်လှေနဲ့ လာတာမှာ ဖမ်းဆီးခံရတယ်။  စစ်ကြောင်းက တွေ့သွားတော့ အဖမ်းခံ၇တယ်လို့ ပြောတာပါဘဲ” ဟု ပြောသည်။

ဦးကျော်ကျော်လှိုင်မှာ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က သမီးလှ ရွာသစ်ရွာထဲ လက်နက်ကြီး ကျည်ပေါက်ကွဲပြီး သေဆုံးသွားသည့် မောင်မောင်နိုင်စိုး (ရ) နှစ်၏ ဖခင်ဖြစ်ကြောင်းလည်း သိ၇သည်။ 


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.