အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ် NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပြန်လွတ်လာမှု အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

စစ်တွေ၊ ဇွန် ၆ / ၂ဝ၂ဝ

(၄)လကြာ ဖမ်းဆီးခံခဲ့ရသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရမ်းဗြဲမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပြန်လည်လွတ်မြောက်လာခြင်း အပေါ် ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့ အတည်ပြု ပြောကြားသည်။ 

"ကျန်းကျန်းမာမာပဲ ပြန်လွတ်လာတာပါ။ သူရောက်နေတယ်ဆိုတော့ ကျနော်တို့က ခေါ်ပြီးမေးရတာပါ။ အေအေက လွတ်လာတယ်ဆိုတော့ ကျနော်တို့ကခေါ်ပြီးတော့ စစ်ဆေးရတာပါ။ အဖမ်းခံထားရတဲ့ အချိန်မှာတော့ သူ့ကိုဘယ်နေရာ၊ ဘယ်မြို့နယ်ကို ခေါ်သွားတယ်ဆိုတာကို သူကိုယ်တိုင်လည်း မသိပါဘူး"ဟု ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောသည်။

ဦးဇေယျာမင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ရမ်းဗြဲမြို့နယ် သနပ်ကုန်း ကျောက်ဆောင်ကျေးရွာမှ AA တပ်ဖွဲ့ဝင် (၈)ဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးဇေယျာမင်းအား ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ပိန္နဲတောင် ကားလမ်း အနီး ပြန်လွတ် ပေးခဲ့ခြင်းဖြစ်သည်ဟု  အတည်ပြုပြောသည်။

ပြန်လွတ်လာသည့်ကိစ္စနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် ဦးဇေယျာမင်းနှင့်  ရမ်းဗြဲမြို့နယ် NLD အတွင်းရေးမှူး ဦးခင်ရီအား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းအား AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းနောက် ဦးရဲသိန်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ခဲ့သည်။


ဆက်စပ် သတင်းများ