Preview

မင်းပြားမြို့နယ် ကျောက်ခုတ်နှင့်သစ်ပုတ်တောင်အကြား ပစ်ခတ်မှုဖြစ်ပွား၍ အနီးအနားရှိကျေးရွာသားများ ထောင်နှင့်ချီပြီးထွက်ပြေး

ဇွန် ၁၀/ ၂၀၂၀ | ကြည့်ရှုသူ :1116
ရခိုင် သတင်း

နိရဥ္စရာ၊ ဇွန် ၁၀/ ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာနှင့် သစ်ပုတ်တောင်ကျေးရွာအကြားတွင် ယနေ့နံနက်က ပစ်ခတ်မှု ဖြစ်ပွား၍ အနီးအနားရှိ ကျေးရွာ ပေါင်း ၁၀ ကျော်မှ ရွာသားထောင်နှင့်ချီပြီး ထွက်ပြေး သွားကြသည်ဟု သတင်းရရှိသည်။

ထွက်ပြေးနေကြသည့် ကျေးရွာသားများမှာ မင်းပြားမြို့နယ်မှ သစ်ပုတ်တောင်၊ ကျောက်ခုတ်၊ စအင်းရွာသစ်၊ စအင်းရွာဟောင်း၊ သာယာကုန်း၊ ရန်တိုင်၊ ပြိုင်းတော၊ ခမောင်းတော၊ မြောင်ချောင်း စသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု ဆိုသည်။ 

အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက “ ကျွန်တော်တို့ရွာက တစ်မိုင်လောက် ဝေးမယ်ထင်ပါတယ်။ ဒီနေ့ မနက် ၅ နာရီ ၁၀ မိနစ်လောက်မှာ အသံအကျယ်ကြီး ပေါက်ကွဲသံတွေ ကြားရပါတယ်။ နောက်လက်နက်ငယ် တွေနဲ့လည်း ပစ်သံကြားရပါတယ်။ ကျွန်တော်တို့က ဘာဖြစ်တယ်ဆိုတာကို မပြောနိုင်ပါ။ ကြောက်ပြီး ထွက်ပြေးနေကြရပါတယ်။ ရွာစဉ် တစ်လျှောက်ရွာတွေအားလုံးကဆိုတော့ လူပေါင်း သောင်းနဲ့ ချီပြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကျောက်ခုတ်ရွာ တစ်ရွာတောင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ သုံးထောင်ကျော် ရှိပါတယ်” ဟု ပြောကြားသည်။

ထွက်ပြေးကြသည့် ကျေးရွာသားများသည် စက်လှေများ၊ ဟွန်ဒါ စက်တပ်လှေများဖြင့် ငမန်းရဲကျွန်းဘက်သို့ ပြေးကြသည်ဟု ဆိုသည်။  

ကျောက်ခုတ်ရွာက အသက် ၄၂ နှစ်အရွယ် ကျော်မြထွန်းဆိုသူ တစ်ဦးကိုလည်း ကိုင်းထဲတွင် အလုပ်လုပ်နေရာမှ  ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိ၇ကြောင်း ၎င်းက ပြောကြားသည်။ 

“ တပ်ကတော့ ကျွန်တော်တို့ ကျောက်ခုတ်ရွာမှာ မရှိတော့ပါ။ အခု ရွာသားတစ်ယောက်တော့ အဖမ်းခံထား၇ပါတယ်” ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဖြစ်တာက ကျောက်ခုတ်ကျေးရွာက ၅ဖာလုံ ၆ ဖာလုံလောက်ဝေးတဲ့ တက်ခုတ်တံတားအနီးမှာ ဖြစ်ကြတယ်လို့ ကြားရပါတယ်။ ဘာတွေဖြစ်တယ် ဆိုတာတော့ မသိပါ။ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ကြားရတယ်လို့တော့ ရွာသားတွေက ပြောပါတယ်။ ကျောက်ခုတ်ရွာက တစ်ယောက်အဖမ်းခံရတာကတော့ မြို့နယ် အာဏာပိုင်တွေရဲ့ အသိပေးချက်အရ သိ၇ပါတယ်” ဟု ပြောကြားသည်။ 


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.