အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တောင်ကုတ်မှ ဦးဝေသောင်း၊ ကိုဇေယျကျော်တို့ အပါဝင် ၄ ဦးကို လေးကြိမ်မြောက် ရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ညီအစ်ဖြစ်သူ ကိုစည်သူကျော်ဇံ၊ စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့အား သံတွဲမြို့နယ် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅ဝ (က) နဲ့ ၅၂ (က) တို့ဖြင့် ယနေ့ လေးကြိမ်မြှောက် ရမန်ယူခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်ကို မေလ ၉ ရက်နေ့ ဖမ်းဆီးပြီး စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေကို မေလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးဝေသောင်းကို မေလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို မေလ ၂၄ ရက်နေ့၌ ထပ်မံ ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီပြီးနောက် ၎င်းတို့အား ဖြစ်စဉ် ၃ ခုဖြင့် လေးကြိမ်မြှောက် ရမန်ယူခဲ့သည်ဟု သူတို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်သဂီ င်္မောင်က ပြောသည်။

 “ တောင်ကုတ် မြို့နယ် ANP မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်တို့ ညီအစ်ကို နှစ်ဦးနဲ့ အရင် စည်ပင် ဥက္ကဋ္ဌ ဟောင်းတို့ လေးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ နှစ်ခုနဲ့ သံတွဲမြို့နယ် တရားရုံးမှာ ဒီနေ့မှာ လေးကြိမ်မြောက် ချုပ်ရမန် ထပ်ယူခဲ့ပါတယ်” ဟု သူမက ပြောသည်။ 

ဦးဝေသောင်း၊ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ သုံးဦးအား မေလ ၁၁ ရက်နေ့တွင်တစ်ကြိမ်၊ မေလ ၂၄ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တစ်ကြိမ်၊  သူတို့  ၃ ဦးနှင့် ကိုစည်သူကျော်ဇံ(ခ) မိုက်ကယ် အပါအဝင် ၄ ဦးကို ဇွန်လ ၂ ရက်နေ့က သံတွဲမြို့နယ် တရားရုံးတွင် တစ်ကြိမ် နှင့် ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် တစ်ကြိမ် ရမန်ယူခဲ့သည်ဟု ဆိုသည်။  

“ ရမန်ယူတာက တောင်ကုတ်မြို့နယ် တရားရုံးမှာ မေလ ၁၁ ရက် ဗူးရွှေမော် ကိစ္စနဲ့ အကြမ်းဖက်မှု ပုဒ်မတစ်ခုနဲ့ စတင် ရမန်ယူတယ်။  ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ မေလ ၂၂ ရက်နေ့မှာ မအီစခန်းအပိုင်မှာ မိုင်းကွဲတဲ့ ကိစ္စနဲ့ ရမန်ယူတာ တစ်ခုပေါ့နော်။ ဇွန်လ ၂ ရက်နေ့ သံတွဲမြို့မ ရဲစခန်းကနေ သံတွဲမြို့နယ် တရားရုံးမှာ  မတရား အသင်းဆက်သွယ်တဲ့ စွပ်စွဲချက်နဲ့ ရမန်ထပ်ယူတာ တစ်ခု၊ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာတော့  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅ဝ (က) နဲ့ ၅၂ (က) တို့နဲ့ ထပ်မံ ရမန်ယူခဲ့ပါတယ်။ ဒီတစ်ကြိမ် ဘယ်အမှုနဲ့ ဆိုတာတော့ မသိရသေးဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။

ယခုကဲ့သို့ ထပ်ခါ ထပ်ခါ လေးကြိမ်အထိ ရမန်ယူနေခြင်းနှင့် ပတ်သက်ပြီး အမှုကို လိုက်ပါ ကူညီ ဆောင်ရွက် နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ရမန်ကြီး (၂) ပတ်တွင် အမှုဖြစ်အောင် တည်ဆောက်ရမည် ဖြစ်ပြီး အမှုပေါ်ပေါက်ပါက တရားစွဲရန်နှင့် အမှု မပေါ်ပေါက်ပါက ဥပဒေ အတိုင်း ပြန်လည် လွှတ်ပေးရမည်ဟု ပြောသည်။

“ အခုသူတို့ကို အမှုမပေါ်ပေါက်မချင်း ထပ်ကာထပ်ကာ တရားစွဲနေတဲ့ သဘောဖြစ်နေပါတယ်။ ဒါမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။ မေလ ၁၁ ရက်နေ့က ရမန်ယူတယ်။ ဒီလ ၁၁ ရက်ဆိုရင် ရမန်ကြီး နှစ်ပတ်ပြည့်တယ်။ အခုဆို ရမန်ကြီးနှစ်ပတ်ကျော်သွားပြီ။ အဲဒီရမန်ကြီးနှစ်ပတ်အတွင်းမှာ အမှုမှန် ပေါ်ပေါက်အောင်စစ်၊ စစ်လို့ အမှုမှန်ပေါ်ပေါက်တယ်ဆိုရင် တရားစွဲ။ အမှုမှန် မပေါ်ပေါက်ဘူးဆိုရင် ပြန်လွှတ်ရမယ်။ အခုက အမှုမှန် မပေါ်ပေါက်ဘူးထင်တယ်။ ထပ်ပြီး နောက်ထပ် အမှုတစ်ခုနဲ့ ရမန်ထပ်ယူတယ်။ ဒီနေ့ တရားစွဲတင်မယ်လို့ သံတွဲကို သွားတာ အမှုစွဲမတင်ဘူး။ အကြမ်းဖက်မှု ပုဒ်မနဲ့ထပ် ရမန်ယူတယ်။ ဒါမျိုးတော့ မဖြစ်သင့်ဘူးထင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက သုံးသပ် ပြောဆိုသည်။ 

အမှုကိုလာမည့် ဇွန်လ ၃ဝ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ