ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မိုးကြီး၍ ရေတက်လာသဖြင့် မြေပုံမြို့နယ်ရက်ချောင်းစစ်ဘေးရှောင်စခန်း သက်ကြီးရွယ်အိုနှင့်ကလေးငယ်များကို ဘေးလွှတ်ရာသို့ရွှေ့ပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၈/ ၂ဝ၂ဝ

လူဦးရေ ၄ဝဝ ကျော်ခိုလှုံနေသည့် မြေပုံမြို့နယ် ၊ ရက်ချောင်းစစ်ဘေးရှောင် စခန်းတွင် ယမန်နေ့ ဇွန် ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်ကစ၍ ယနေ့ နေ့လယ်ပိုင်းအထိ မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျ ချောင်းရေ လျှံတက်လာသဖြင့်  သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း ထားရသည်ဟု သတင်း ရရှိသည်။    

၎င်းစစ်ဘေးရှောင်စခန်း၏ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် မြတန်ဆောင်း ဆရာတော်က “ ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ ရေကြီးနေတော့ ဦးဇင်း တို့က သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို လေးတောင်ကျေးရွာ ဘုန်းကြီးကျောင်းကို မနက်ပိုင်းကပို့ထားလိုက်ကြတယ်။ ကျန်တဲ့ လူတွေကတော့ တဲအိမ်အပေါ်ထပ်တွေမှာ နေကြတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း ခက်ခဲနေတယ်။” ဟုမိန့်သည်။

၄င်းစစ်ဘေးရှောင်စခန်းမှာ ရက်ချောင်း ချောင်းကမ်းစပ်အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် မိုးရွာပြီး ချောင်းရေတက်လာပြီး တောင်ကျရေလည်းများလာသဖြင့် ရေများမှာ ကမ်းပေါ်ထိ တက်လာကာ စခန်းတစ်ခုလုံး အောက်ခြေကွင်းပြင်များကို ရေဖုံးလွမ်းနေသည်ဟု သိရသည်။ 

“ချောင်းရေကြီးလာတဲ့အပြင် တောင်ကျရေတွေလည်း ဒလဟောစီးဆင်းလာပြီး စခန်းထဲထိ ရေပြည့်လာတယ်။ ဘယ်လိုပြောမလဲ ခုလို အခြေအနေဆိုတော့ စိတ်မကောင်းဖြစ်နေကြတာပေါ့။ စုပြုံပြီးနေနေကြရတာ။ အခုလို ရေပြည့်လာတော့ စားစရာလည်းမရှိတဲ့အပြင် နေစရာလည်း အခက်ခဲဖြစ်နေကြတာပေါ့” ဟုဆက်မိန့်သည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၄၁၇ ဦးနေထိုင်ရန် နေအိမ်တဲ ၇ဝ ကျော်သာ ဆောက်လုပ်နိုင်သည့် အတွက် တဲအိ်မ်လုံလောက်မှုမရှိသဖြင့် လူများစုပြုံပြီးနေထိုင်နေရသဖြင့် ယခုကဲသို့ ရေကြီး၊ ရေလျှံဖြစ်လာသည့် အခါ နေထိုင်ရန် များစွာအခက်အခဲဖြစ်နေရသည်ဟု ဆရာတော်က ဆက်မိန့်သည်။

လက်ရှိတွင် ရက်ချောင်းစစ်ဘေးရှောင်စခန်း၌ ရေမှာ ၄ ပေနီးပါးအထိတက်နေကြောင်း သိရသည်။

လက်ရှိ၌ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၆၄၅၆ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

၎င်းစစ်ဘေးရှောင်များမှာ စစ်ဘေးရှောင်စခန်းများ အပါအဝင် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင်တွင် ခိုလှုံနေကြရသဖြင့်  ယခုကဲ့သို့ မိုးရာသီတွင် နေထိုင်ရေး အခက်အခဲဖြစ်နေကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ