သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော် ပေါက်တောပလောင်မှ စစ်ကြောင်းက ခေါ်ဆောင်ခံရသူ ၆ ဦး ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.5k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၂၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာမှ ကျေးရွာသား ၆ ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် ပြန်လွတ်ပေးလိုက်သည်ဟု ကျေးရွာသားများက ပြောကြားသည်။ 

ခေါ်ဆောင်ခံခဲ့ရသူ ရွာသားများမှာ ရှစ်တန်းကျောင်းသား မောင်ထွန်းဝင်းသိန်း(၁၃)နှစ်၊ ဦးထွန်းကျော် (၆၃)နှစ်၊ ဦးစိုးအောင်(၄၅)နှစ်၊ ဦးအောင်သန်းဌေး(၄၅)နှစ်၊  အောင်ကျော်သိန်း(၄၅) နှင့် ဦးရွှေသန်း(၅၅)နှစ်တို့ဖြစ်သည်။ 

ထိုသို့ ခေါ်ဆောင်ခံရသဖြင့် ကျေးရွာသားများ အကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်မလွတ်လာမီ မိနစ်အနည်းငယ် အလိုက မိသားစုများမှ နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။  

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းသို့ ဆက်သွယ်ရာ  ၎င်းရွာသား ၆ ဦးကို ခေါ်ဆောင်သွားခဲ့သော်လည်း ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

“ရွာသားတွေနဲ့အဆက်အသွယ်ရတယ်။ ပြန်လွှတ်ပေးလိုက်ပါပြီ။ ပေါက်တောပလောင်ကနေ ကြာညိုပြင်အထိ ခေါ်သွားတာပါ။ အခုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ပြောတယ်” ဟုပြောသည်။

၎င်းစစ်ကြောင်း ပေါက်တောပလောင်ကျေးရွာသို့  ယနေ့နံနက်က ဝင်လာစဉ် ကုလားတန်မြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် အပေါက်ဝကျေးရွာဘက်မှ ပစ်ခတ်သံများကြားရသဖြင့် ရွာထဲတွင် မိနစ် အနည်းငယ်နေပြီး ရွာမှ ပြန်အထွက်တွင် ယခုကဲ့သို့ ရွာသားများ ၆ ဦးအား လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း လမ်းပြ အဖြစ်ခေါ်ဆောင်ခံရသူ ဦးထွန်းကျော်က ပြောသည်။

“ ဦးလေးက စျေးဆိုင်ရောင်းနေတာကို ဆင်းလာခဲ့ဆိုပြီးခေါ်တာ။ ဟိုကျောင်းသားလေးကိုတော့ စျေးဝယ် နေရာက ခေါ်တယ်။ ကျန်တဲ့လေးယောက်က ပန်းရံဆရာအဖွဲ့တွေ အိမ်ဆောက်နေတဲ့အချိန်မှာ ဖမ်းတာ။ သူတို့ဖမ်းဆီးစစ်ဆေးတာတော့ မရှိပါဘူး။  ကြာညိုပြင်ရွာထိ နာရီဝက်ကျော်ကျော် လမ်းပြအဖြစ် ခေါ်သွားတာ။ ကြာညိုပြင်ရောက်တော့ ဦးလေးတို့ကို ထိုင်ခိုင်းပြီး လူနာမည်တွေ ကိုမှတ်တယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ် ပြီးတော့ ပြန်တော့ဆိုပြီး လွှတ်ပေး လိုက်တယ်။ လူနာမည်တွေကို ရေးမှတ်ပြီး ဓာတ်ပုံရိုက်တော့ ကိုယ်တို့က ရိုးရိုးသားသားနေတာ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိပါတယ်”  ဟုပြောသည်။

ခေါ်ဆောင်ရာတွင် ခေါင်းပေါ် လက်တင်ပြီး ခေါ်သွားသဖြင့် အထူးစိုးရိမ်ခဲ့ရသည်ဟု ဆိုသည်။ 

 “ကြောက်တာပေါ့ကွယ်။ ဟိုကျောင်းသားလေးလည်း အတော်ကြောက်နေရှာတာ။ မသွားနိုင် သွားနိုင် သွားရတာ။ ဒုက္ခဖြစ်တာပေါ့ကွယ်။ ခေါင်းမှာ လက်တင်ပြီး သွားခိုင်းတာ။ စိတ်မကောင်းဖြစ်တာပေါ့။ အမြန်သွားဆို သွားရတယ်။ ရပ်ဆိုရပ်ရတယ်။ ရပ်သူ၊ရွာသားတွေကို ဒီလို မလုပ်စေချင်ဘူးကွယ်”ဟုပြောသည်။

ပေါက်တောပလောင်ကျေးရွာသည် ကုလားတန်မြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး အပေါက်ဝကျေးရွာသည် ကုလားတန်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိကာ မြစ်တစ်ခုသာ ခြားကြောင်း၊ အပေါက်ဝရွာဘက်မှ ပစ်ခတ်သံများကို ယနေ့နံနက် ၈ နာရီခန့်က ကြားရသည့် အချိန်တွင် စစ်ကြောင်း ရွာထဲကို ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများ အထူးစိုးရိမ်ခဲ့ကြသည်ဟု ပြောဆိုသည်။


ဆက်စပ် သတင်းများ