ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ကြောင်းတက်လာသဖြင့် ရသေ့တောင်မြို့နယ် ကူတောင်၊ ရွှေလောင်တင်အပါအဝင် ကျေးရွာ ၆ ရွာမှ ရွာသားများထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 10.2k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန်လ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ကူတောင်၊ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချာင်း အပါအဝင် ကျေးရွာ (၆) ရွာမှ ရွာသားများသည် မေယူ မြစ်ထဲမှ သေနတ်ပစ်ခတ်သံများကြားရပြီးနောက် စစ်ကြောင်းများ ကုန်းပေါ်သို့ တက်လာသဖြင့်  ကြောက်လန့်ပြီး  ကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

ယနေ့ ညနေ ၅ နာရီကျော်က မေယူမြစ်ထဲမှ ဇက်နှစ်စီးဖြင့် တပ်မတော်စစ်ကြောင်းများကို ကုန်းပေါ်သို့ ပို့ဆောင်စဉ် သေနတ်များ ပစ်ခတ်မှုများရှိခဲ့သည်ဟု ရွှေလောင်းတင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ ညနေ ၅ နာရီ ကျော်နေပြီ။ အဲဒီ အချိန်မှာ အနောက်ပြင် မူဆလင်ကျေးရွာအောက်ကနေ ဇက်သင်္ဘောပေါ်က စစ်သားတွေ တစ်ဖွဲ့တက်တယ်။ သေနတ်တွေပစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် ဆူညံနေတာဘဲ။ ဒါနဲ့ ကျွန်တော်တို့ရွာက တစ်ရွာလုံးထွက်ပြေးကြတယ်။ အခု ကျွန်တော်လည်း ရွာတစ်ရွာကို ရောက်နေပါတယ်”ဟု ၎င်းက ပြောသည်။ 

ထိုသို့ သေနတ်သံများထွက်ပေါ်လာသဖြင့် ရွှေလောင်းတင်ကျေးရွာသားများသာမက ကူတောင်၊ မြင်းကန်းချောင်၊ ဥဂ္ဂါ၊ ကပ်ချောင်းရွာနှင့် ကံပြင်ကျေးရွာမှ ကျေးရွာသားများလည်း ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

“ စစ်ကြောင်း နှစ်ခု၊ အနောက်ပြင် မူဆလင်ကျေးရွာအောက်ကနေ တစ်ကြောင်းတက်တယ်။ နောက်တစ်ကြောင်းက ကံပြင်ရွာနားကနေ တက်တယ်။ အခု မြင်းကန်းချောင်းနဲ့ ကံပြင်ကျေးရွာက လူတွေလည်း အကုန်ထွက်ပြေးသွားကြပြီ။ သေနတ်ပစ်ပေမယ့် လူတွေ အထိအခိုက်တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။ 

ကူတောင်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ  ရွှေလောင်တင်ကျေးရွာ၊ ကံပြင်ကျေးရွာနှင့် အနောက်ပြင် မူဆလင် ရွာဘက်မှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားရပြီးနောက် ရွာသာများ ကြောက်လန့် ထွက်ပြေးနေကြကြောင်း ပြောကြားသည်။

“ ကျွန်တော်က ဘယ်မှ မပြေးဘူး။ ရွာသားတွေကတော့  စိုးရိမ်တကြီး ထွက်ပြေးနေကြပါတယ်။ လောလောဆယ် အရေအတွက်တော့ ခန့်မှန်း လို့ မရသေးဘူး။ အများအပြား ထွက်ပြေးကြပါတယ်။ ရွာမှာက အိ်မ်ခြေတစ်ထောင်ကျော်၊ လူဦးရေအားဖြင့် ၅ဝဝဝ ကျော်ရှိရာမှာ ၁ဝဝဝ ကျော်လောက်ကတော့ ထွက်ပြေးတယ်လို့ ပြောလို့ ရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော် ရွာထဲကို လည်ကြည့်တော့ အိမ်တွေမှာ လူမရှိတော့ဘူး” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိတွင် ၎င်းတပ်မတော်စစ်ကြောင်းမှာ ကူတောင်ရွာသို့ ရောက်ရှိခြင်း မရှိသေးသော်လည်း ပစ်ခတ်သံများကြောင့် ရွာသားများမှာ ကြောက်လန့် ထွက်ပြေးနေကြသည်ဟု ပြောဆိုသည်။

အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ရွာသားအများအပြားမှာ စက်လှေများဖြင့် ထွက်ပြေးနေကြကြောင်း၊ သူ၏ မိသားစုမှာလည်း တစ်ခြားရွာသားများနှင့် အတူ ဆေးအိုးကျ ကျေးရွာဘက်သို့ ထွက်ပြေးနေကြောင်း ပြောကြားသည်။ 

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက “ထွက်ပြေးတာတော့ မကြားဘူး။ စစ်ကြောင်းဝင်တာတော့ ဟုတ်တယ်။ ရွာကလှမ်းပြောတာတော့ရှိတယ်။ စစ်ကြောင်းက သူ့ဖာသာဝင်တာပါ။ အဲလိုရွာသားတွေထွက်ပြေးတာမရှိပါဘူး။ အနောက်ပြင်၊ ကူတောင် ဘက်လို့ပြောတယ်။ အနောက်ပြင်ဖက်ကို စစ်ကြောင်းပြန်လို့ ဝင်လာတာပါ။ အဲလိုပစ်တာခတ်တာ မရှိပါဘူး။ ထွက်ပြေးတဲ့သတင်းတော့ မရသေးဘူး” ဟု  ပြောကြားသည်။ 

ပစ်ခတ်မှုဖြစ်ချိန်တွင် အဆိုပါ နေရာမှ ၅မိုင်ခွဲခန့်ရှိ ရေဘိတ်ဆုံရွာသို့ ရောက်ရှိနေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က သေနတ်ပစ်သံများကို ည ၅ နာ မိနစ် ၂ဝ လောက်က ကြားခဲ့ရပြီး လက်ရှိတွင် ရွာ (၆) ရွာမှ လူများထွက် ပြေးသွားကြသည်ဟု ပြောသည်။

“ ထွက်ပြေးတဲ့ ရွာက ကူတောင်၊ ရွှေလောင်းတင်၊ မြင်းကန်းချောင်း၊ ကံပြင်၊ ဥဂ္ဂါနဲ့ ကပ်ချောင်း ရွာတွေ ဖြစ်ကြတယ်။  ကူတောင်ကလည်း ပြေးတယ်။ ရွှေလောင်တင်မှာ တစ်ယောက်လည်း မကျန်ပြေးတယ်။ မြင်းကန်းချောင်းမှာ ဆရာတော်တစ်ပါးဘဲကျန်တယ်။ ကံပြင် တစ်ယောက်လည်း မကျန် အကုန်လုံးပြေးတယ်။ ဥဂ္ဂါရွာကတော့ လေးပုံတစ်ပုံ ထွက်ပြေးတယ်။ စစ်သားတွေ ကမ်းပေါ်ကို မတက်ခင်ကနေ ဇက်ရေယာဉ်ပေါ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တော့ အဲဒီအချိန်ကတည်းက ပြေးကြတာ” ဟု ဦးခင်မောင်လတ်က ပြောကြားသည်။ 


ဆက်စပ် သတင်းများ