Preview

တောင်ကုတ်မြို့နယ်တွင် မိုင်းကွဲပြီး လူ ၄ ဦးသေဆုံး

ဇွန် ၃၀/ ၂၀၂၀ | ကြည့်ရှုသူ :1818
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၃၀ / ၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ညက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လူလေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ အသက် ၂၀ ကျော် ၃၀ ဝန်းကျင်များဖြစ်ကြသည်။

ယမန်နေ့ (ဇွန် ၂၉ ရက်) ည ၁၁ နာရီ ၄၇ မိနစ်အချိန်ခန့်က  တောင်ကုတ်မြို့နယ် ကင်းတောင် ကျေးရွာအနီး တရဘရွာမှ ပေါက်ပြင်ရွာသို့အသွား တစ်မိုင်ခန့် အကွာအဝေးရှိ ကားလမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ကင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းက ပြောသည်။

 “မနေ့ညက ပေါက်ကွဲသံတစ်ခုကြားတယ်။ အဲဒါနဲ့ ဒီနေ့မနက်က ဒေသခံတွေ သွားကြည့်တဲ့အခါမှာ လူလေးယောက်သေဆုံးနေတာကို တွေ့ရတယ်။ သူတို့က မိုင်းထောင်ဖို့လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေသွားတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လက်ထဲမှာ ဝိုင်ယာကြိုးတွေနဲ့ သံတို၊ သံစ အပိုင်းအစတွေကိုတွေ့ရတယ်။ အဲဒါကြောင့် မိုင်းထောင်ဖို့လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံး သွားတယ်လို့ ယူဆရတယ်။ အခုသူတို့အလောင်းတွေကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ် ” ဟု ဦးသောင်းထွန်းက ပြောသည်။

သေဆုံးသွားသူများမှာ အနီးအနားကျေးရွာမှ ဒေသခံများမဟုတ်ကြောင်းနှင့် ဘယ်ကလူတွေမှန်း မသိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်စဉ် သေဆုံးသည်မှာမှန်ကန်ကြောင်းပြောကြားပြီး ၎င်းအနေဖြင့် အလုပ်မအားသေးဟု ဆိုကာ ဖုန်းချသွားသဖြင့် ရဲတပ်ဖွဲ့၏ စစ်ဆေးချက်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

ဓာတ်ပုံ - facebook


#မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.